ခေတ်ပညာတတ် မွတ်စလင်မ်တွေ ဘာလုပ်သင့်ပါသလဲ

ကျနော်တို့ရဲ့ မြန်မာ့လူ့ဘောင်မှာ အလ္လာဟ်အရှင်မြတ်ရဲ့ အသနားတော်နဲ့ ခောတ်ပညာတတ် ဘွဲ့ရတွေ အများကြီး ရှိပါတယ်။ သူတို့ထဲမှာ ရှေ့နေရှေ့ရပ်တွေ၊ ဆရာဝန်တွေ၊ အင်ဂျင်နီယာတွေ၊ ကွန်ပျူတာ၊ နည်းပညာဘွဲ့ရတွေ စတဲ့ ပညာတတ်မျိုးစုံရှိပါတယ်။ စစ်အာဏာရှင်ဟောင်း သားသတ်သမား တရုတ်ကပြား ဗိုလ်နေ၀င်းဟာ မြန်မာတိုင်းရင်းသား အစစ်မဟုတ်ပါဘူး။ ဒါကြောင့် သူဟာ မြန်မာ အမျိုးသားရေးဝါဒကို ကြောက်ပါတယ်။ အမျိုးသားရေးဝါဒကြောင့် အာဏာလက်လွတ် ဆုံးရှုံးရမှာကို အလွန် အင်မတန် ကြောက်ခဲ့ပါတယ်။ အဲဒီအတွက် အမျိုးသားရေးဝါဒကို ရေစီးကြောင်း လွှဲပြီး ကုလားမုန်းတီးရေးဝါဒအား စနစ်တကျ စီမံကိန်းချခဲ့ပါတယ်။ ဗိုလ်နေ၀င်းဟာ တရုတ်ကပြားဖြစ်တာကြောင့် တရုတ်တွေရဲ့ဘက်ကို ဦးတည်လာနိုင်မဲ့ ပြည်သူလူထုရဲ့ အမုန်းတရားကို အစ္စလာမ်ဘာသာဝင်တွေရဲ့ဘက်ကို စနစ်တကျ လွှဲပေးခဲ့ပါတယ်။ တစ်ဖက်မှာ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးစတဲ့ ရေးရာတွေမှာ တရုတ်မပါရင် မဖြစ်တဲ့ဘ၀ရောက်အောင်၊ “တရုတ်ထိရင် မီးလောင်ဗုံးကြည့်”ဆိုတဲ့ အခြေအနေမျိုးဖြစ်အောင် လက်နက်ကိုင်တပ်တွေကို ကျုံးသွင်းယူခဲ့ပါတယ်။ ဒါကြောင့် စစ်အာဏာရှင်တွေရဲ့ လက်နက်ကိုင် တပ်တွေဟာ အခုဆိုရင် တရုတ်ထိရင် ဆတ်ဆတ်ထိမခံ ပြန်လည် ခုခံတိုက်ခိုက် ချေမှုန်းတတ်တာကို ပြည်သူလူထူတစ်ရပ်လုံး မျက်ဝါးထင်ထင် ကြိမ်ဖန်များစွာ မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။

တရုတ်ကပြား သားသတ်သမား စစ်အာဏာရှင် ဗိုလ်နေ၀င်းရဲ့ ကုလားမုန်းတီးရေး၊ မုစ်လင်မ်ဆန့်ကျင့်ရေး စီမံကိန်းကြောင့် အစ္စလာမ်ဘာသာဝင် တိုင်းရင်းသားတွေဟာ အဖက်ဖက်ကနေပြီး ခွဲခြားဖိနှိပ် ဆက်ဆံခြင်း ခံခဲ့ရပါတယ်။ အဲဒီဒဏ်တွေကြောင့် ခေတ်ပညာတတ် မွတ်စလင်မ်တွေဟာ ဘွဲ့ရလို့ အလုပ်ဝင်တော့လည်း ‘ကုလား’ဆိုပြီး၊ နှိမ့်ချခေါ်ဝေါ်တာကို အမြဲတမ်းခံစား နေခဲ့ရပါတယ်။ အဲဒီလို ခေါ်ဝေါ်ခြင်းဟာ Violence လို့ခေါ်တဲ့ အကြမ်းဖက်မှုတစ်မျိုးပါပဲ။ ဒီလို ပြောလိုက်လို့ တစ်ချို့က အံ့သြသွားပါလိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြမ်းဖက်မှု (Violence)ဆိုတာကို လူအများစုက နားလည်နေတာက ခန္ဓာကိုယ်ကို အကြမ်းဖက်တာကိုပဲ အကြမ်းဖက်မှုလို့ နားလည်နေလို့ပါ။ အကြမ်းဖက်မှုကို ယေဘုယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဆိုပြီး သုံးမျိုးခွဲခြားထားပါတယ်။ မီး၊ ရေမမှန်တဲ့အတွက် ပြည်သူလူထု ခံစားနေရတဲ့ စိတ်သောကကို ဖြစ်အောင်လုပ်တဲ့ အစိုးရဟာ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်နေတာပါပဲ။ ဒီလိုပါပဲ ‘Negar’လို့ခေါ်တာ မကြိုက်တဲ့သူတွေကို ‘Negar’လို့ခေါ်တာဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တွေထဲက အကြမ်းဖက်မှုတစ်ခု ဖြစ်ပါတယ်။ ‘ကုလား’လို့ခေါ်တာ မကြိုက်တဲ့သူတွေကို မည်သည့် အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် ‘ကုလား’လို့ ခေါ်ဆိုနေခြင်းဟာလည်း စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတစ်ခု ဖြစ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံကြီးတွေမှာဆိုရင် စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန်တဲ့သူကို ထိထိရောက်ရောက် တရားဥပဒေအရ အရေးယူလို့ရအောင် ဥပဒေတွေ ပြဌာန်းထားပါတယ်။ ဥပမာ- Anti Discrimination Law

မြန်မာ့လူ့ဘောင်မှာရှိနေတဲ့ တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေဟာ ‘ကုလား’လို့ ခေါ်ဆိုခံရတာကို အသည်းခိုက်အောင် နာတတ်ကြပါတယ်။ ယဉ်ကျေးတဲ့ လူ့ဘောင်၊ ဖွံ့ဖြိုးတိုးတက်တဲ့ လူ့ဘောင်ဆိုတာ တဖက်သားလူတွေရဲ့ ခံစားချက်ကို လျစ်လျူရှုထားလို့ မရပါဘူး။ တစ်ဖက်သားရဲ့ ခံစားချက်ကို အသိအမှတ်ပြုပေးရပါလိမ့်မယ်။ ဒါမှသာလျှင် ဘာသာမတူ၊ ယဉ်ကျေးမှုကွဲပြား၊ ခြားနားတဲ့ လူမျိုးတွေ ပေါင်းစုပြီး သာယာအေးချမ်းတဲ့၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်တဲ့ ဒီမိုကရေစီ လူ့ဘောင်သစ်ကို တည်ဆောက်နိုင်မှာပါ။ ဒီလိုမှမဟုတ် ကိုယ့်မြင်းကိုယ်ဆိုင်း၊ စစ်ကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပဲခူးရောက်ရောက်ဆိုပြီး လုပ်နေလို့ကတော့ ဆိုးကျိုးတွေပဲ ရရှိလာမှာပါပဲ။

ခေတ်ပညာတတ် မွတ်စလင်မ်တွေအနေနဲ့ ဘာသာမတူ၊ ယဉ်ကျေးမှုကွဲပြား၊ ခြားနားတဲ့ လူမျိုးတွေနဲ့ အဓိကအားဖြင့် နေ့စဉ်ဘ၀တွေမှာ ဆက်ဆံနေခဲ့ရပါတယ်။ သူတို့တွေရဲ့ စိတ်ခံစားချက်တွေ၊ ခါးသီးတဲ့ အတွေ့အကြုံတွေကို အသိအမှတ် ပြုပေးဖို့လိုပါလိမ့်မယ်။ အဲဒီ ခေတ်ပညာတတ် မွတ်စလင်မ်တွေဟာ အလုပ်တွေလုပ်ပြီး၊ သက်ပြည့်ပင်စင်ရတဲ့အခါကျတော့ အနားယူရတော့တယ်။ အဲဒီလို အနားယူရတဲ့ အခါကျတော့ သူတို့တွေဟာ ဗလီဝတ်ကျောင်းတော်တွေထဲကို ရောက်ရှိလာပါတော့တယ်။ အဲဒီမှာ ပဋိပက္ခတွေ စတင်ပါတော့တယ်။ တစ်ဖက်မှာ အီမာမ်လို့ခေါ်တဲ့ ရှေ့ဆောင်ရှေ့ရပ်တွေ အများစုဟာ မြန်မာစာပေနဲ့ ဘာသာစကားကို ခြေခြေမြစ်မြစ်၊ ပိုင်ပိုင်နိုင်နိုင် ကျွမ်းကျင်မှု မရှိကြပါ။ ခေတ်ပညာတတ် မွတ်စလင်မ် အများစုကြီးကလည်း အူရ်ဒူဘာသာစကားကို ခြေခြေမြစ်မြစ်၊ ပိုင်ပိုင်နိုင်နိုင် မကျွမ်းကျင်ခဲ့။ အဲဒီတော့ တရားဟောသူနဲ့ တရားနာသူရဲ့အကြား အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်လာပါတော့တယ်။ ခေတ်ပညာတတ် မွတ်စလင်မ်တွေအနေနဲ့ ‘ကုလား’လို့အခေါ်မခံရဖို့အတွက် ဒါရီထားခြင်းနဲ့ ကုရ်သာ ၀တ်ခြင်းကို အပြင်းအထန် ဝေဖန်လာပါတော့တယ်။ ဒီနေရာမှာ ဒါရီထားခြင်းဟာ ကျနော်တို့ရဲ့ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင်ရဲ့ စွန္နသ်တော် ဖြစ်ပါတယ်။ သို့သော် ကုရ်သာဝတ်ဆင်ခြင်းကတော့ စွန္နသ်တော် မဟုတ်ပါ။ စွန္နသ်တော် မဟုတ်တာကို အဟုတ်လုပ်မယ်ဆိုရင် ကြီးလေးတဲ့ ဂိုနဟ်အကုသိုလ်ကို ကျူးလွန်တဲ့ အပြစ်ထိုက်ပါလိမ့်မယ်။ ဒီလိုပါပဲ စွန္နသ်တော် အစစ်အမှန်ကို ငြင်းဆန်မယ်ဆိုရင်လည်း ကြီးလေးတဲ့ အပြစ်ဂိုနဟ်ထိုက်ပါလိမ့်မယ်။ ‘ကုလား’လို့ အခေါ်မခံရဖို့အတွက် ဒါရီနဲ့ ကုရ်သာကို တိုက်ခိုက်နေတာထက် နိုင်ငံရေးစနစ်၊ တနည်းအားဖြင့် စစ်အာဏာရှင် စနစ်ကို တိုက်ခိုက် ချေမှုန်းကြရမှာပါ။

ဒီနေ့ ကျနော်တို့ အမိမြန်မာနိုင်ငံတော်မှာ နေထိုင်ကြတဲ့ သန်းပေါင်းဆယ်ချီပြီး ရှိနေတဲ့ မွတ်စလင်မ် လူထုကြီးဟာ တိုင်းရင်းသားအခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေ ဆုံးရှုံးနေပါတယ်။ အဲဒီ တိုင်းရင်းသား အခွင့်အရေး၊ နိုင်ငံသားအခွင့်အရေးတွေကို တင်းပြည့်ကျပ်ပြည့် ပြန်လည် ရရှိဖို့ နိုင်ငံရေးစနစ်ကို ပြောင်းနိုင်မှသာလျှင် ရရှိမှာ ဖြစ်ပါတယ်။ မြန်မာပြည်မှာ ဒီမိုကရေစီ အစစ်အမှန် ရရှိခဲ့မယ်ဆိုရင် ‘ကုလား’လို့ ခေါ်တဲ့ သူတွေကို တရားဥပဒေအရ အရေးယူနိုင်မှာ ဖြစ်တယ်။ ဒီလိုပါပဲ ဒီမိုကရေစီရဲ့ အခြေခံ အုတ်မြစ်တစ်ခုဖြစ်တဲ့ လွတ်လပ်ခြင်း (Freedom)မှာ လွတ်လပ်စွာ ၀တ်စားဆင်ယင်ခြင်းဆိုတာ ပါဝင်ပါတယ်။ ဒါကြောင့် ကုရ်ဒါဝတ်လိုတဲ့သူတွေက ကုရ်ဒါဝတ်ဆင်ခြင်းဟာ သူတို့ရဲ့ လွတ်လပ်စွာ ရွေးချယ်ခွင့် အခွင့်အရေးပဲ ဖြစ်ပါတယ်။ ဒီလိုပါပဲ တိုက်ပုံဝတ်ချင်တဲ့ သူတွေက တိုက်ပုံဝတ်ဆင်တာဟာ သူတို့ရဲ့ လွတ်လပ်စွာ ၀တ်ဆင်ခွင့်ပါ။ လူသားတိုင်းဟာ သူတို့ရဲ့ ယဉ်ကျေးမှုကို သူတို့ ထိန်းသိမ်းပိုင်ခွင့် ရှိပါတယ်။ ဒါဟာ လူ့အခွင့်အရေး ကြေညာစာတမ်းမှာ ပါရှိတဲ့ အချက်တစ်ခု ဖြစ်ပါတယ်။ လူ့အခွင့်အရေးဆိုတာဟာ တိုင်းပြည်ကို အုပ်ချုပ်မင်းလုပ်နေတဲ့ အုပ်ချုပ်သူလူတန်းစားက ချီးမြှင့်ထားတာ မဟုတ်ပါ။ ဒီအချက်ကို ကျနော်တို့ နားလည်ဖို့ အရေးကြီးပါတယ်။ လွတ်လပ်စွာ ၀တ်စားဆင်ယင်ခွင့်၊ လူသားတိုင်းဟာ သူတို့ရဲ့ ကိုယ်ပိုင် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့ အခွင့်အရေးစတဲ့ အချက်တွေကို ကျနော်တို့ သဘောပေါက်ကြရင် ယနေ့ မြန်မာနိုင်ငံရဲ့ မွတ်စလင်မ် လူ့ဘောင်မှာ ပေါ်ပေါက်နေတဲ့ ပဋိပက္ခတွေထဲက အဓိကကျတဲ့ အချို့ ပဋိပက္ခအချို့ဟာ ဖြေရှင်းပြီးသား ဖြစ်သွားပါလိမ့်မယ်။

ခေတ်ပညာတတ် မွတ်စလင်မ်တွေအနေနဲ့ လုပ်သင့်တဲ့၊ မျက်မှောက်ခေတ်က တောင်းဆိုနေတဲ့ အလုပ်ကြီးတစ်ခု ရှိပါတယ်။ အဲဒါကတော့ ဘာသာမတူ၊ အယူကွဲပြားတဲ့ လူသားတွေကို အစ္စလာမ်ရဲ့ လှပပြီး နက်နဲသိမ်မွေ့တဲ့ တရားတော်တွေကို မြန်မာစာပေနဲ့ အထောက်အထားခိုင်လုံစွာ ယဉ်ယဉ်ကျေးကျေး၊ သိမ်သိမ်မွေ့မွေ့နဲ့ ဖိတ်ခေါ်ခြင်းဆိုတဲ့ ဒအ်ဝဟ်လုပ်ငန်းကြီးပဲ ဖြစ်ပါတယ်။ ကျနော်တို့ မြန်မာပြည်မှာ မွတ်စလင်မ်ကနေ မွတ်စလင်မ်ကို စစ်မှန်တဲ့ မွတ်စလင်မ်တွေ ဖြစ်လာအောင် ပြုပြင်တဲ့ ဒအ်ဝဟ်လုပ်ငန်းကို လုပ်ဆောင်နေတဲ့သူတွေက အများကြီး ရှိပါတယ်။ ဒါပေမဲ့ မွတ်စလင်မ် မဟုတ်သေးတဲ့ သူတွေကို အစ္စလာမ်ရဲ့ လှပတဲ့ သတင်းစကားတွေ တင်ပြပေးမဲ့သူတွေကတော့ မရှိသလောက်ပါပဲ။ ဘာသာခြားတွေရဲ့ အထင်အမြင် လွဲမှားမှုတွေကို အသိဉာဏ်ပညာနဲ့ အထောက်အထားခိုင်လုံစွာ ပြန်ချေပဖို့ လိုပါတယ်။ လွန်ခဲ့တဲ့ (၅) နှစ်လောက်ကနေစပြီးတော့ အင်တာနက်လောကမှာ ဘလောက်တွေ၊ ၀ဘ်ဆိုဒ်တွေ ထောင်ပြီးတော့ အစ္စလာမ်ဆန့်ကျင်ရေးကို စနစ်တကျ လုပ်ဆောင်ခဲ့တယ်။ အခုတော့ ဖဘတွေပေါ်အထိ ရောက်လာပါပြီ။ အဲဒီ အစ္စလာမ်ဆန့်ကျင်ရေးသမားတွေဟာ စစ်အာဏာရှင်တွေရဲ့ အိမ်မွေးခြံပေါက်တွေ၊ လက်ပါးစေတွေ ဖြစ်ဖို့များပါတယ်။ ရခိုင်အကြမ်းဖက်သမားတွေရဲ့ အလိုတော်ရိတွေ ဖြစ်ဖို့များပါတယ်။ သူတို့ဟာ အင်္ဂလိပ်စာပေနဲ့ ရှိနှင့်နေပြီးဖြစ်တဲ့ အစ္စလာမ်ဆန့်ကျင်ရေးဆိုဒ်တွေကနေပြီး၊ အချက်အလက်တွေကို ရယူပါတယ်။ အဲဒီအချက်အလက်တွေကို မှီငြမ်းပြီး ပြန်လည် ရေးသားတာ ရှိသလို၊ ဘာသာပြန်ဆိုပြီး တိုက်ရိုက်သုံးစွဲတာလည်း ရှိပါတယ်။

ကောင်းပြီ။ အစ္စလာမ်ဆန့်ကျင်ရေးဆိုဒ်တွေမှာပါတဲ့ အချက်အလက် အမှားတွေကို ပြန်လည် ချေပဖို့အတွက် ခေတ်ပညာတတ် မွတ်စလင်မ်တွေ စုစည်းကြရပါလိမ့်မယ်။ သူတို့က ဦးဆောင်ပြီး၊ မြန်မာစာပေနဲ့ ဘာသာ စကားမှာ အခက်အခဲရှိသော်လည်း အစ္စလာမ့်ပညာကို အတိုင်းအတာတစ်ခုအထိ တတ်မြောက်ထားတဲ့ အာလင်မ်ပညာရှင်တွေ မြန်မာ့လူ့ဘောင်မှာ ရှိပါတယ်။ အထူးသဖြင့် မြန်မာပြည်ရဲ့ အထက်ပိုင်းက အာလင်မ် ပညာရှင်တွေဆိုရင် ပိုပြီး သင့်လျှော်ပါလိမ့်မယ်။ ခေတ်ပညာတတ်တွေနဲ့ အာလင်မ်ပညာရှင်တွေ ပေါင်းစုပြီး၊ အစ္စလာမ်ဆန့်ကျင်ရေးသမားတွေရဲ့ ရေးသားချက်တွေကို တစ်ချက်ခြင်း၊ တစ်ချက်ခြင်း ခွဲခြမ်းစိတ်ဖြာ လေ့လာသုတေသန လုပ်ပြီး၊ မြန်မာစာပေနဲ့ အင်တာနက်မှာ အထူးသဖြင့် ဖဘမှာ Page တစ်ခု တည်ထောင်ပြီး၊ ရေးသား ဖြန့်ချိသင့်ပါတယ်။

ဒီလိုသာ ဆောင်ရွက်နိုင်ခဲ့မယ်ဆိုရင် မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်နေတဲ့ အစ္စလာမ်ဆန့်ကျင်ရေးသမားတွေရဲ့ အလိမ်အညာ မုသားတွေဟာ လယ်ပြင်မှာ ဆင်သွားသလို ထင်ထင်ရှားရှား ပေါ်ထွက်လာပါလိမ့်မယ်။ ဒါ့ပြင် အစ္စလာမ်ရဲ့ လှပပြီး နက်နဲသိမ်မွေ့တဲ့ သွန်သင်ချက်တွေကို ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ လေ့လာနိုင်ပါလိမ့်မယ်။ အဓိကအချက်ကတော့ ကျနော်တို့ အလုပ် လုပ်ကြဖို့ပါပဲ။ အရေးမကြီးတဲ့ အချက်တွေကို ချဲ့ကားပြီး၊ ငြင်းကြခုံကြ၊ ကွဲကြပြဲကြလုပ်နေမယ်ဆိုရင် ကျနော်တို့ရဲ့ အားအင်တွေ ချိနဲ့လာပါလိမ့်မယ်။

ကျနော်တို့ရဲ့ နှစ်ဘ၀သခင် ကျေးဇူးတော်ရှင်ဟာ လူသားအားလုံးအတွက် စေလွှတ်ခြင်းခံခဲ့ရတဲ့ တမန်တော်ပါ။ ဒါကြောင့် ကျနော်တို့ဟာလည်း ကိုယ်တော်မြတ်ရဲ့ နည်းစနစ်ကို ဆွဲကိုင်ပြီး၊ လူသားအားလုံးကို အစ္စလာမ်ရဲ့ နူးညံ့သိမ်မွေ့တဲ့ သွန်သင်ချက်တွေကို ဖြန့်ချိကြရမှာပါ။ ကျနော်တို့ရဲ့ တာဝန်က မုစ်လင်မ်က အခြား မုစ်လင်မ်တစ်ဦးကို စစ်မှန်တဲ့ မုစ်လင်မ်ဖြစ်လာအောင် လုပ်ယူဖို့ပဲ မဟုတ်ပါဘူး။ မုစ်လင်မ်မဟုတ်တဲ့သူတွေရဲ့ထံပါးကို အစ္စလာမ့်ရဲ့ သတင်းစကားတွေ ရောက်ရှိအောင် ဉာဏ်ပညာကို အခြေပြုပြီး၊ အထောက်အထားနဲ့ နူးညံ့ သိမ်မွေ့စွာ တင်ပြခြင်းဟာလည်း ကျနော်တို့ရဲ့ တာဝန်ပါ။ ဒီတာဝန်ကို ကျနော်တို့ မုစ်လင်မ်အများစုကြီးက လျစ်လျူရူထားခဲ့ကြတာ ကြာပါပြီ။ ဒါကြောင့် ဒီနေ့ ဒီတာဝန်ကြီးကို ပြန်လည် ဖော်ထုတ်ပြီး ထမ်းဆောင်ကြရမှာပါ။ အမှန်တရား ရောက်ရှိလာရင် အမှားဆိုတာ ပျောက်ကွယ်ရမှာပါပဲ။ ဘာကြောင့်လဲဆိုတော့ အမှားဆိုတာ ပျောက်ကွယ်သွားရမဲ့ အရာမို့ပါ။ သစ္စာတရားရောက်ရှိလာရင် မုသားအလိမ်အညာတွေဟာ ပျောက်ကွယ်သွားရမှာပါပဲ။ ကျနော်တို့ရဲ့ တာဝန်က အမှန်သစ္စာတရားကို ဖြန့်ချိဖို့ပါ။ လက်ဆင့်ကမ်းပေးဖို့ပါ။ အင်ရှာအလ္လာဟ် အလ္လာဟ်အရှင်မြတ် အလိုတူမယ်ဆိုရင် လူသားတွေအားလုံး ဟေဒါယသ်ရသွားပါလိမ့်မယ်။ ဟေဒါယသ်ကို ချီးမြှင့်နိုင်တာက အလ္လာဟ်အရှင်မြတ်တစ်ပါးတည်းသာလျှင် ဖြစ်ပါတယ်။ ဒါပေမဲ့ ဟေဒါယသ်ဆိုတဲ့ သစ္စာတရားရဲ့ လမ်းကို ပြသပေးဖို့က ကျနော်တို့ မွတ်စလင်မ်တိုင်းရဲ့ တာဝန်ပါ။ လျှောက်မယ်၊ မလျှောက်ဖူးဆိုတာကတော့ ပြသခြင်းခံရတဲ့သူတွေရဲ့ ကိုယ်ပိုင် ရွေးချယ်မှုပါပဲ။

ဒီအရေးတော်ပုံကြီးကို ဆောင်ရွက်လိုတဲ့ မြန်မာပြည်တွင်းက ခေတ်ပညာတတ် မွတ်စလင်မ်များ၊ အာလင်မ်ပညာရှင်များ ရှိခဲ့မယ်ဆိုရင် ကျနော်တို့ရဲ့ Burmese Muslim Youths For Human Rights and Justice အစည်းအရုံးကနေပြီး လိုအပ်မဲ့ အကူအညီတွေ၊ အကြံဉာဏ်တွေကို ငွေအား၊ လူအား၊ အသိဉာဏ်ပညာအားဖြင့် အင်ရှာအလ္လာဟ် ထိထိရောက်ရောက် ကူညီထောက်ပံ့သွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။

အို-အလ္လာဟ်အရှင်မြတ်၊ ကျမ်းမြတ်ကုရ်အာန်နဲ့ စွန္နဟ်ရဲ့ လမ်းညွှန်ချက်အတိုင်း ဘ၀တည်ဆောက်နိုင်တဲ့ သောင်ဖီးက်စွမ်းအား ကျွန်တော်မျိုးတို့အားလုံးအား ပေးသနားတော်မူပါ။ သစ္စာတရားကို မမြင်နိုင်သောသူများကို မြင်နိုင်တဲ့ စွမ်းအား ပေးသနားတော်မူပါ။ ကန်းနေသော နားများကို ကြားနိုင်စွမ်း ပေးသနားတော်မူပါ။ ကျွန်တော်မျိုးတို့ အားလုံးသည် အရှင်မြတ်၏ ကရုဏာတော်ကိုသာလျှင် မျှော်လင့် တောင့်တသောသူများ ဖြစ်ကြပါ၏။ ကျနော်မျိုးတို့အား ကူညီတော်မူပါ။ ကရုဏာထားတော်မူပါ။ အာမီးန်။

ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။

ချမ်းမြေ့

19-01-2013

One thought on “ခေတ်ပညာတတ် မွတ်စလင်မ်တွေ ဘာလုပ်သင့်ပါသလဲ

  1. စလာမ်
    ကိုချမ်းမြေ့
    အပြင်စည်း ကာကွယ်ဖို့ အရေးကြီးသလို။ အတွင်းစည်းထဲက ပြုပြင်ဖို့လည်း အလွန်အရေးကြီးချိန်ရောက်နေတယ်လို့ ကျွန်တော်မြင်တယ်။ တစ်ယူသန်ဘာသာရေးဆရာတွေဖက်မှာ ပိုပြီး ပြုပြင်ရမယ့်ကိစ္စတွေရှိတယ်။ ကွန်တော်နဲ့ဆက်စပ်နေတဲ့ လူငယ်မျိုးဆက်သစ်တွေက ကုရ်အာန်၊ဟဒီးဆ်ကို မလေ့လာယင် မဖြစ်တော့မယ့်အခြေအနေတစ်ရပ်ရောက်နေတာ သိလာကြပြီ။ ဒါပေမယ့် ခက်တာက ဒီလိုလေ့လာနိုင်အောင် ကိုယ်တိုင်ကလည်း လမ်းကြောင်းချမပေး – လမ်းကြောင်းချပေးဖို့ကြိုးစားနေသူတွေကိုလည်း အပြင်းအထန်လိုက်တိုက်ခိုက်နေတဲ့(တစ်ချို့ဆိုယင် အစိုးရကို informer သွားလုပ်ပေးတဲ့အထိ) တစ်ယူသန်အုပ်စုတွေကလည်း သာသနာ့တာဝန်လိုမျိုး လျှောက်လုပ်နေကြတယ်။ ဒီလိုကဏ္ဍနဲ့ပတ်သက်ပြီး ဆွေးနွေးမှု၊ တွန်းအားပေးမှုတွေ အရမ်းလိုအပ်နေပါပြီ။ အခု ကျွန်တော့်အခြေအနေဆိုယင် ကုရ်အာန်၊ဟဒီးဆ်၊ စီရသ်လေ့လာရေးတွေ – inteterfaith dialogues problem တွေကို ကိုယ့်စားရိတ်နဲ့ကိုယ် မွတ်စ်လင်မ်လူငယ်တွေကို တိတ်တိတ်ပုန်း သင်ကြားပေးရတဲ့ အနေအထားရောက်နေရပါတယ်။ ဘာသာခြားတွေထက် မွတ်စ်လင်မ်ပညာရှင်တွေ၊ သာသနာပြုဆိုတဲ့သူတွေ (အားလုံးကို မဆိုလိုပါ) ကို ပိုပြီး ကြောက်နေရှောင်နေတယ်။ သဘာဝ မကျလှဘူးဗျ။ ဒါက တကယ့်လက်တွေ့အခက်အခဲတွေပါ – ကိုယ့်သာသနာ အကြောင်းကို ကိုယ်တိုင်က ကောင်းမွန်စွာလေ့လာခွင့်မပေးဘဲ လက်ဝါးကြီးအုပ်ထားကြတဲ့သူတွေကြောင့် အရည်အချင်းနဲ့စိတ်ဓါတ်ရှိကြတဲ့ မွတ်စ်လင်မ်မျိုးဆက်သစ်တွေဟာ အတွင်းစည်းထဲကနေ ရိုက်ချိုးခံနေရသလို ဖြစ်နေပါတယ်။ ဒီပို့စ်ကို ဖတ်ပြီး အားတက်တာတော့အမှန်ပါဘဲ။ ကျွန်တော်တို့လောကထဲက ချို့တဲ့အားနည်းချက်တွေကို အလ္လာဟ်အရှင်မြတ် ပြုပြင်ပေးသနားတော်မူပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s