လှည့်စားခြင်းခံရသော ရိုးသားသည့် ဗုဒ္ဓဘာသာဝင် ဘာသာရေးလေးစားသူများ

ကျနော် ဖဘလောကကို ၀င်ရောက်လာတာ သိပ်မကြာသေးပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလကမှပါ။ အဲဒီလို ၀င်ရောက်လာပြီးတဲ့နောက်ပိုင်းမှာ ကျနော့အနေနဲ့ ရခိုင်၊ ရိုဟင်ဂျာအရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေကိုပဲ အထူးသဖြင့် စိတ်ဝင်တစား လေ့လာ ဖြစ်ခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်၊ ရိုဟင်ဂျာအရေးဟာ အပြစ်မဲ့ လူသားတွေရဲ့ အသက်တွေကို ဆုံးရှုံးစေနိုင်တာမို့ပါပဲ။ ရခိုင်ပဲသေသေ၊ ရိုဟင်ဂျာပဲသေသေ၊ ဘယ်သူသေသေ လူသားတစ်ဦး သေဆုံးသွားတာပါပဲ။ ရခိုင်ပြည်နယ်မှာ လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ မေနဲ့ ဇွန်မှာ တစ်ကြိမ်၊ အောက်တိုဘာလမှာ တစ်ကြိမ်၊ နှစ်ကြိမ်တိုင်တိုင် အဓိကရုဏ်းတွေ ဖြစ်ခဲ့ပါတယ်။ အဲဒီ အဓိကရုဏ်းဟာ သာမာန် အဓိကရုဏ်း မဟုတ်ပါဘူး။ လူမျိုးတုန်းသတ်ဖြတ်မှုခေါ် Genocide ပါပဲ။ ဒါပေမဲ့ ဒီလို ရာဇ၀တ်မှုကြီး ဖြစ်ပေါ်လာအောင် အဓိက လှုံ့ဆော်ပြီး၊ ဦးဆောင်ခဲ့တဲ့ လက်တစ်ဆုပ်စာ လူစုကတော့ စစ်ခွေးတွေနဲ့ အစွန်းရောက် အမျိုးသားရေးဝါဒီ တစ်စုပါ။ အဲဒီ ဦးဆောင်သူ လူတစ်စုဟာ ဆိုဖာပေါ်မှာ ငြိမ့်ငြိမ့်လေးထိုင်၊ ဟိုမီဒီယာနဲ့ အင်တာဗျူး၊ ဒီမီဒီယာနဲ့ အင်တာဗျူးပြီးတော့ သတင်းမှားတွေ၊ အချက်အလက်မှားတွေကို ဖြန့်ပေး၊ ဒီလို ဖြန့်ပေးတဲ့ သတင်းအချက်အလက်အမှားတွေကို စစ်ခွေးတွေရဲ့ အိမ်မွေးခြံပေါက် အသိုင်းအ၀ိုင်းတွေက ပိုင်ဆိုင်နေကြတဲ့ မြန်မာ့စာပေနဲ့ ရေးသားထုတ်ဝေနေတဲ့ စာစောင်တွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေ၊ အသံလွှင့်ဌာနတွေက မီးလောင်ရာကို လေပင့်တဲ့ အရေးအသားတွေနဲ့ အဓိကရုဏ်းကို ပိုပြီးတော့ ကြီးကျယ်အောင် ဖန်တီးခဲ့ကြပါတယ်။ အဲဒီမှာ ရိုးသားပြီး၊ သတင်းအချက်အလက်တွေ မှန်၊ မမှန်ကို ခွဲခြမ်းစိတ်ဖြာလေ့လာဖို့ အခြေအနေမပေးကြတဲ့ တောနေလူတန်းစားတွေထဲက လူအများစုဟာ လူနည်းစု အစွန်းရာက်တွေရဲ့ ၀ါဒမှိုင်းကို မိခဲ့ပါတော့တယ်။ အဲဒီလို မိပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ မွတ်စလင်မ်တွေ အားလုံးကို ရှင်းလင်းသုတ်သင်ရေး စီမံကိန်းကြီးမှာ ပါဝင်လာခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီနေရာမှာ တစ်ချက်တော့ ထောက်ပြရပါလိမ့်မယ်။ အဲဒါက အဲဒီလို ပါဝင်ခဲ့ကြတဲ့အထဲမှာ တစ်ချို့က ၀ါဒမှိုင်းမိလို့လည်း မဟုတ်သလို၊ လက်တစ်ဆုပ်စာ စစ်ခွေးတွေနဲ့ ၎င်းတို့ရဲ့လက်ပါးစေ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ အစွန်းရောက်ဝါဒကိုလဲ ကြိုက်နှစ်သက်လို့လည်း မဟုတ်ပဲနဲ့ ပါဝင်ခဲ့ကြရတဲ့သူတွေ ရှိပါတယ်။ အဲဒီလူတွေဟာ လက်တစ်ဆုပ်စာ စစ်ခွေးတွေနဲ့ ၎င်းတို့ရဲ့လက်ပါးစေ အကြမ်းဖက်ခေါင်းဆောင်တွေရဲ့ အနုနည်းနဲ့ အကြပ်ကိုင် ခြိမ်းခြောက်ခြင်းကို ခံခဲ့ရလို့ပါပဲ။

3

ဒါက နိုင်ငံရေးအခြေအနေပါ။ အခြားတစ်ဖက် အွန်လိုင်းလောကမှာ စစ်ခွေးတွေနဲ့ အစွန်းရောက် အတွေးအခေါ်ရှိတဲ့ လူတွေက လွန်ခဲ့တဲ့ (၅) နှစ်လောက်ကစပြီးတော့ တည်ထောင်ခဲ့တဲ့ အစ္စလာမ်ဆန့်ကျင်ရေးဆိုဒ်တွေက အစ္စလာမ်နဲ့ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ သတင်းအချက်အလက်တွေကို အဓိကရုဏ်း ဖြစ်နေတဲ့ အချိန်မှာ ပိုပြီးတော့ တွင်တွင်ကျယ်ကျယ် ဖြန့်ချိလာခဲ့တယ်။ သူတို့ ဒီလိုဘာကြောင့် ဖန်တီးလာခဲ့သလဲဆိုတော့ ဘာသာရေး အဓိကရုဏ်းဆီကို ဦးတည်ဖို့ပါ။ အမျိုး၊ ဘာသာ၊ သာသနာဆိုတဲ့ ယုတ္တိ၊ ယုတ္တာမရှိတဲ့၊ လွဲမှားနေတဲ့ အတွေးအခေါ်ကြီးဆီကို ဦးတည်ဖို့ပါ။ ဒီနေရာမှာ တစ်ချို့စာရှုသူက မေးလိမ့်မယ်။ ‘ဟာဗျာ- ခင်ဗျားက ဘယ်လို အကြောင်းကြောင်း၊ အမျိုး၊ ဘာသာသာသနာဆိုတဲ့ အတွေးအခေါ်၊ အယူဝါဒကို ယုတ္တိယုတ္တာကင်းမဲ့တဲ့၊ လွဲမှားနေတဲ့ အတွေးအခေါ်လို့ သမုတ်ရတာလဲ’လို့ မေးခဲ့ရင် စာရေးသူက ‘ဟုတ်ကဲ့ပါ၊ စာရှုသူ။ လူကြီးမင်းရဲ့ မေးခွန်းအတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ ဒီအချက်ဟာ အလွန်ကို မေးသင့်မေးထိုက်တဲ့ မေးခွန်းပါပဲ။ ဒါပေမဲ့ ဒီမေးခွန်းကို ခွဲခြမ်း စိတ်ဖြာလေ့လာကြဖို့ လိုပါတယ်။ ဒီအမျိုး၊ ဘာသာသာသနာဆိုတဲ့ အတွေးအခေါ်ဟာ နယ်ချဲ့အင်္ဂလိပ်က ကျုပ်တို့ရဲ့ အမိဗမာနိုင်ငံတော်ကို စာမဖွဲ့လောက်တဲ့ အကြောင်းပြချက်တွေနဲ့ ရမယ်ရှာပြီး၊ လက်နက်နဲ့ မောင်ပိုင်စီး အနိုင်ကျင့်ပြီး သိမ်းပိုက်ခဲ့တဲ့ ခေတ်ကာလမှာ စတင်ပေါ်ပေါက်ခဲ့ဟန်တူပါတယ်။ အဲဒီခေတ်မှာရှိခဲ့ကြတဲ့ ဗမာ့မျိုးချစ် သူရဲကောင်း၊ အာဇာနည်တွေဟာ တိုင်းတစ်ပါးသား နယ်ချဲ့အင်္ဂလိပ်ရဲ့ ကျူးကျော်နယ်ချဲ့မှု၊ ရက်စက်ကြမ်းကြုတ်စွာ နှိပ်စက် သတ်ဖြတ်မှုတွေကြောင့် ဗမာပြည်တစ်ဝှမ်းမှာရှိတဲ့ ဗမာပြည်သူတွေဟာ ဘေးဒုက္ခအသွယ်သွယ်၊ နှိပ်စက်မှုအမျိုးမျိုးကို ခါးဆီးခံစားနေရပါတယ်။ ဒီလို ခါးဆီးခံနေရခြင်းကြောင့် ဗမာ့အမျိုးသားတွေဟာ ငါတို့ရဲ့ အမျိုးသားတွေဖြစ်တဲ့ ဗမာပြည်သူပြည်သားတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်နဲ့ ဂုဏ်သိက္ခာတွေကို ငါတို့ ကိုယ်တိုင် ကာကွယ်ကြရမယ်ဆိုတဲ့ အသိ၊ တနည်းအားဖြင့် အမျိုးသားရေးအသိတွေ နိုးကြားလာတယ်။ ဒါပေမဲ့ အဲဒီ ဗမာပြည်သူပြည်သားဆိုတဲ့ စကားလုံးထဲမှာ လူမျိုးကွဲပြားတဲ့၊ ကိုးကွယ်ရာ ဘာသာသာသနာ မတူတဲ့၊ အသားအရောင်နဲ့ ဘာသာစကားတွေ ခြားနားတဲ့ လူထုလူတန်းစား ပေါင်းစုံပါဝင်ခဲ့တယ်ဆိုတာ ပုံပြင်၊ ဒဏ္ဍာရီ မဟုတ်တဲ့ ဗမာ့သမိုင်းကို လေ့လာတီးခေါက်မိသူတိုင်း သိပြီး ဖြစ်ကြမှာပါ။ တနည်းအားဖြင့် ဗမာပြည်သူလူထုမှာ ဗုဒ္ဓဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ ဟိန္ဒူဘာသာဝင်တွေ၊ နတ်ကိုးကွယ်သူတွေနဲ့ ပါဝင်ဖွဲ့စည်းထားပြီး၊ ကချင်၊ ကရင်၊ ပသီစတဲ့ တိုင်းရင်းသားတွေနဲ့ တည်ဆောက်ထားပါတယ်။

အဲဒီတော့ အမျိုးသားရေးဆိုတာဟာ ဗမာပြည်သူလူထုရဲ့ အရေးဖြစ်တယ်။ လူမျိုးမတူ၊ အယူကွဲပြား၊ ဘာသာစကားခြားနားတဲ့ ဗမာလူထုတစ်ရပ်လုံးကို အုပ်စုတစ်စုအဖြစ် သတ်မှတ်ပြီးတော့ ဒါဟာ ငါတို့ရဲ့ အမျိုးသားတွေဖြစ်တယ်ဆိုတဲ့ အသိနဲ့ အမျိုးသားရေးစိတ်ဓာတ်တွေ နိုးကြားခဲ့ကြတာပါ။ ဒါပေမဲ့ ဗမာ့လူထုကြီးဟာ အင်္ဂလိပ်နယ်ချဲ့ကိုတော့ ဗမာ့အမျိုးသားတွေရဲ့ ဘုံရန်သူအဖြစ် သတ်မှတ်ခဲ့ကြပါတယ်။ အင်္ဂလိပ်နယ်ချဲ့ဟာ သူ့ရဲ့ ဗျူဟာတစ်ရပ်ဖြစ်တဲ့ ‘နိုင်ငံရေး ဒိုင်း’ ဖန်တီးခြင်းအရ တရုတ်နဲ့ အိန္ဒိယပြည်သူတွေကို သူတို့ စစ်အောင်နိုင်ခဲ့တဲ့ တောင်၊ အာရှကို ခေါ်ယူတင်သွင်းခဲ့တယ်။ နိုင်ငံရေး ဒိုင်းလို့ဆိုတဲ့ စကားလုံးက ကျနော် ဖန်တီးသုံးစွဲလိုက်တာပါ။ အင်္ဂလိပ်ဟာ သူ့ရဲ့ ကိုလိုနီနိုင်ငံတွေကို တရုတ်နဲ့ အိန္ဒိယပြည်သူတွေကို ဘာကြောင့် တင်သွင်းခဲ့ရသလဲဆိုရင် ပြည်သူတွေရဲ့ အမျက်ဒေါသနဲ့ အမျိုးသားရေးဝါဒကို တရုတ်နဲ့ အိန္ဒိယရဲ့ဘက်ကို လှည့်ပေးပြီး၊ သူတို့တွေဆီကို မလာအောင် ‘ဒိုင်း’အဖြစ် အသုံးချဖို့ပါပဲ။ မြန်မာပြည်ကို အင်္ဂလိပ်ဟာ အိန္ဒိယသားအများစုကို သယ်ဆောင်လာပါတယ်။ အဲဒီထဲမှာ ငွေရှင်ကြေးရှင် ဓနရှင်တွေပါသလို၊ ငွေကြေးမရှိသော်လည်း နယ်ချဲ့အင်္ဂလိပ်နဲ့ အပေးအယူတည့်တဲ့ ဓနရှင်တွေ ပါဝင်တယ်။ သူတို့ကို ဗမာ့သမိုင်းမှာ ချစ်တီးတွေလို့ သမိုင်းတင်ခြင်းခံရပါတယ်။ ကောင်းပြီ။ ဗမာပြည်သူတွေနဲ့ နေ့စဉ်နေ့တိုင်း၊ ထိတွေ့ဆက်ဆံရမဲ့ လုပ်ငန်းတော်တော်များများကို အိန္ဒိယပြည်က ပြောင်းရွှေ့ အခြေချနေထိုင်လာတဲ့ ပြည်သူတွေ၊ ယခုအခါ နိုင်ငံရေးဒိုင်း ဖြစ်လာတဲ့ သူတွေကို နေရာတွေ ဖန်တီးပြီး အသီးသီး ချထားခဲ့တယ်။

ဒီနေရာ ပြောင်းရွှေ့အခြေချနေထိုင်တယ်လို့ ဘာလို့ သုံးရတာလဲဆိုတော့ အင်္ဂလိပ်နယ်ချဲ့ခေတ် မြန်မာပြည်ဟာ အိန္ဒိယတိုက်ငယ်ရဲ့ ပြည်နယ်တစ်ခုအဖြစ်ပဲ အင်္ဂလိပ်က နှစ်ပေါင်းများစွာ သတ်မှတ်ပြီး အုပ်ချုပ်ခဲ့လို့ပါပဲ။ အဲဒီတော့ ယနေ့ခေတ် ကချင်ပြည်နယ်၊ မြစ်ကြီးနားက ပြည်သူတစ်ဦးက ရန်ကုန်ကို အမြဲတမ်းနေဖို့ ပြောင်းလာသလိုပါပဲ။ အလွန် လွယ်ကူပါတယ်။ ကျူးကျော်ဝင်ရောက် လာတာ မဟုတ်ပါ။ ကျူးကျော်ဝင်ရောက်လာတဲ့သူက အင်္ဂလိပ်နယ်ချဲ့ပဲ ဖြစ်ပါတယ်။ လက်နက်အားကိုးနဲ့ အလုံးအရင်း ကျူးကျော် ၀င်ရောက်ခဲ့တာပါ။ ဒီလို နယ်ချဲ့အင်္ဂလိပ်ရဲ့ နိုင်ငံရေးဒိုင်း ဖန်တီးကောင်းမှုကြောင့် ပြည်သူတွေရဲ့ အမျက်ဒေါသဟာ အင်္ဂလိပ်ဆီကိုထက် အိန္ဒိယက ၀င်ရောက်လာခဲ့တဲ့ ငွေရှင်၊ ကြေးရှင်၊ ဓနရှင်ပေါက်စတွေဆီကိုပဲ ရောက်ရှိခဲ့ပါတော့တယ်။ အမှန်တကယ် နိုင်ငံရဲ့ အဆီအနှစ်ကို ကုတ်သွေးစုပ်ခဲ့တာက အင်္ဂလိပ်ပါ။ ဗမာပြည်ရဲ့ အဖိုးတန် ကျောက်သံပတ္တမြား၊ တွင်းထွက်ပစ္စည်းစတဲ့ အဖိုးအတန်ဆုံး ပစ္စည်းတွေကို အင်္ဂလိပ်က ‘မ’ပြီးတော့၊ နည်းနည်းပါးကိုတော့ နိုင်ငံရေးဒိုင်းတွေဖြစ်တဲ့ ချစ်တီးတွေကို စွန့်ကြဲခဲ့ပါတယ်။ ဒါပေမဲ့ ပြည်သူလူထုဆိုတာက သတင်းအချက်အလက်တွေအားလုံးကို လွယ်ကူစွာ သိရှိဖော်ထုတ်နိုင်တဲ့ အနေအထား ရှိတာမှ မဟုတ်တာ။ အုပ်ချုပ်သူ လူတန်းစား ပြောသမျှ၊ အုပ်ချုပ်သူ လူတန်းစားနဲ့ ပေါင်းပြီး၊ အုပ်ချုပ်သူအကြိုက် ၀ါဒ ဖြန့်တဲ့ သတင်းစာတွေ၊ မီဒီယာတွေ ပြောသမျှ သိခွင့်ရခဲ့ရတာပါ။ ဒါပေမဲ့ သူတို့ နေ့တိုင်း သိမြင်နေရတာကတော့၊ တနည်းအားဖြင့် မျက်စိစပါးမွှေး စူးနေရတာကတော့ အင်္ဂလိပ်ရဲ့ နိုင်ငံရေးဒိုင်းတွေဖြစ်တဲ့ ချစ်တီးတွေနဲ့ ဓနရှင် ပေါက်စတွေပါပဲ။ ဒီတော့ ဗမာပြည်သူလူထုရဲ့ နှလုံးအိမ်ထဲမှာ ရန်သူအစစ် အင်္ဂလိပ်ထက်၊ ၎င်းက ဖန်တီးထားတဲ့ နိုင်ငံရေးဒိုင်း ဓနရှင်ပေါက်စတွေကို ပိုပြီးတော့ မုန်းတီးတဲ့စိတ်တွေ တဟုန်ထိုး ပေါက်ဖွားလာခဲ့ပါတယ်။ အဲဒီတော့ အိန္ဒိယက ရွှေ့ပြောင်းနေထိုင်လာခဲ့တဲ့ နိုင်ငံရေးဒိုင်း ဓနရှင်ပေါက်စတွေကို ဗမာပြည်သူလူထုဟာ အမျိုးသားရေးစိတ်ဓာတ်အရ ရန်သူအဖြစ် သတ်မှတ်ပြီး၊ ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့ပါတယ်။

ကောင်းပြီး၊ ဘာသာ၊ သာသနာဆိုတာကတော့ ဗမာလူထုအတွင်းမှာရှိတဲ့ ပြည်သူအများစု ကိုးကွယ်ယုံကြည်တဲ့ ဘာသာ၊ သာသနာဟာ ဗုဒ္ဓဘာသာဖြစ်တယ်။ နယ်ချဲ့အင်္ဂလိပ်တွေက ခရစ်ယာန် သာသနာဝင်တွေ ဖြစ်နေတော့ ဗမာလူထုဟာ သူတို့ ဘာသာကို နယ်ချဲ့ရဲ့ ဘာသာက ခြိမ်းခြောက်လာသလို ခံစားခဲ့ရပါတယ်။ ဘာသာ၊ သာသနာကို ကာကွယ်ရမယ်ဆိုတဲ့ အသိဝင်ပြီး၊ ဗမာလူထုရဲ့ အဓိက သာသနာဖြစ်တဲ့ ဗုဒ္ဓဘာသာသာသနာကို ကာကွယ်ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါတယ်။ ဒါဟာ အမျိုး၊ ဘာသာ၊ သာသနာရဲ့ သမိုင်းအနှစ်ချုပ်ပါ။ အကျယ်ရေးမယ်၊ အထောက်အထားတွေကို ဖြည့်စွက်လိုက်မယ်ဆိုရင် ကျမ်းငယ်တစ်စောင် ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့် ဒီနေ့ ‘အမျိုး၊ ဘာသာသာသနာ’လို့ ပြောနေကြတဲ့ သူတွေကို ကျနော်မေးချင်တာက မျက်မှောက်ခေတ် ဗမာပြည်ရဲ့ အခြေအနေဟာ နယ်ချဲ့အင်္ဂလိပ်ခေတ်ရဲ့ အခြေအနေနဲ့ တူပါသလား။ မျက်မှောက်ခေတ် ဗမာပြည်မှာ အခု ဖြစ်နေတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေမှာ သေဆုံးနေကြရတဲ့ အပြစ်မဲ့ ပြည်သူတွေဟာ တိုင်းတစ်ပါးသားတွေလား။ ဒို့ ဗမာပြည်ရဲ့ ပြည်သူတွေလား။ ဒါကို သိဖို့ အရမ်းကို အရေးကြီးပါတယ်။ စစ်ခွေးတွေရဲ့ အကြီးအကဲတွေကိုယ်တိုင်က ရခိုင်ပြည်ကို ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ခိုးဝင်လာတဲ့ ခိုးဝင်သူဆိုတာ မရှိဘူးဆိုတဲ့အကြောင်း တရားဝင် မီဒီယာတွေမှာ ပြောခဲ့ပြီးပြီ။ မရှိဘူးဆိုတာက အများစု ၉၉.၉၉% က ခိုးဝင်သူတွေ မဟုတ်ကြတဲ့အတွက် မရှိခဲ့ဘူးလို့ သုံးနှုန်းခဲ့ရခြင်း ဖြစ်တယ်။ လွှတ်တော်မှာလည်း တရားဝင် ခိုးဝင်သူစာရင်းကို ကြေညာခဲ့ပြီးပြီ။ ခိုးဝင်သူက ရာဂဏာန်းမျှသာ ရှိပါတယ်။ တစ်သန်းနီးပါးရှိမယ်လို့ ခန့်မှန်းထားတဲ့ လူအုပ်စုကြီးမှာ ရာဂဏာန်းဆိုတာက 0.1 % သာရှိမှာပါ။ ဒီလူတွေဟာလည်း အမှန်တကယ် ခိုးဝင်လာသူတွေ ဟုတ်၊ မဟုတ်ကို မီဒီယာတွေရဲ့ ရှေ့မှောက် ပွင့်လင်းစွာ တရားစီရင်ပြီး၊ တည်ဆဲဥပဒေတွေအရ ဆောင်ရွက်ရမဲ့ ကိစ္စပါ။ တစ်ချို့ဆိုရင် ချဲ့ကားပြီးတော့ ကျူးကျော်သူဆိုတဲ့ စကားလုံးကို သုံးပြီး၊ ရိုးသားတဲ့ ပြည်သူလူထုကြီးကို ဗြောင်လှည့်စားနေတဲ့သူတွေ ရှိပါသေးတယ်။ အမှန်တကယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗမာနိုင်ငံကို ကျူးကျော်တယ်ဆိုရင် ဗမာအစိုးရဟာ ဘာကြောင့် ဗမာပြည်မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် သံရုံးကို မနှင်ထုတ်ရတာလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ သံတမန်အဆက်အသွယ် မဖြတ်ရတာလဲ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နိုင်ငံတကာလုံခြုံရေးကောင်စီမှာတင်ပြီးတော့ နိုင်ငံတကာဥပဒေအရ တရားမစွဲရတာလဲ။ ကုန်ကုန်ပြောရရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဘာကြောင့် စစ်မကြေညာရတာလဲ။ ကျူးကျော်တယ်ဆိုရင် ကျူးကျော်စစ်ကို ကျူးကျော်စစ် ပုံသဏ္ဍာန်နဲ့ ဖြေရှင်းရမှာ အစိုးရတစ်ရပ်ရဲ့ တာဝန် မဟုတ်ဘူးလား။ ဒါပေမဲ့ ဗမာအစိုးရဟာ သူတို့ရဲ့ လုပ်ဇာတ်ကို သူတို့ သိနေတယ်။ ဒါဟာ ကျူးကျော်ခြင်း မဟုတ်ဘူးဆိုတာ သူတို့ ကိုယ်တိုင်သိနေတယ်။ သိနေလို့ ငြိမ်နေတာပါ။ မှားနေလို့ ငြိမ်နေတာပါ။ သူတို့မှန်ရင် ကမ္ဘာကို တုန်အောင် လှုပ်ပြီး၊ ပြည်သူတွေ နားကွဲသွားအောင် အော်ပြပါလိမ့်မယ်။

ရခိုင်ပြည်နယ်အတွင်းက အစ္စလာမ်ဘာသာဝင်တွေဟာ ကျူးကျော်သူတွေ မဟုတ်ဘူးဆိုရင်၊ သူတို့ဟာ ဗမာပြည်သူတွေပဲ။ ဗမာပြည်သူကို ဗမာပြည်က ပြန်သတ်နေတာကို အမျိုးသားရေးလို့ သုံးလို့ ရမှာလား။ နည်းနည်းလေးတော့ ရှက်ခြင်းတရား ရှိဖို့လိုပါတယ်။ အရှက်နဲ့ အကြောက်ဟာ လောကပါလတရားနှစ်ပါးဖြစ်တယ်လို့ သင်ပေးတဲ့ ဘာသာကို ကိုးကွယ်ယုံကြည်တဲ့သူတွေဖြစ်ပြီး၊ အရှက်နဲ့ အကြောက်မရှိတာ အရမ်းကို အံ့သြဖို့ကောင်းတယ်။ အဲဒီအရှက်မရှိတဲ့၊ အကြောက်မရှိတဲ့သူတွေကိုလည်း ဘာသာတူတဲ့ သူတို့ရဲ့ ပညာရှင်တွေက ဆိုဆုံးမရမှန်းမသိအောင်လည်း အရှက်ကင်းမဲ့နေကြပြီလား။ ခင်ဗျားတို့၊ ကျနော်တို့အားလုံး သေဆုံးပြီး နောက်နှစ်ပေါင်း တစ်ရာ၊ နှစ်ရာမှာ မွေးဖွားလာမဲ့သူတွေက ဒို့တွေရဲ့ မျက်မှောက်လုပ်ရပ်တွေကို ခွဲခြမ်းစိတ်ဖြာ၊ လေ့လာပြီး၊ ပြန်လည် ကဲ့ရဲ့ပြစ်တင်ကြမှာကို မရှက်ကြဖူးလား။ သူတို့တွေရဲ့ ကလောင်နဲ့ သတ်မှာကို မကြောက်ကြဘူးလား။ ဓားနဲ့သတ်ရင် တစ်ခါပဲ သေရပေမဲ့၊ ကလောင်နဲ့သတ်ရင် ခေတ်အဆက်ဆက် အကြိမ်ကြိမ် သေရတယ်ဆိုတာကို လေ့လာသင်ယူ ဆည်းပူးထားကြတဲ့ ပညာရှင်ကြီးတွေ၊ ဘွဲ့တွေဒီဂရီတွေ ယူထားတဲ့သူတွေ မကြောက်ကြဘူးလား။ အံ့သြမိပါရဲ့ဗျာ။ မကောင်းမှုကို မကောင်းမှုလို့ သိရဲ့နဲ့ ဘာကြောင့် ထမပြောဝံ့ရတာလဲ။ မတရားမှုကို မတရားမှုလို့ သိရဲ့နဲ့ ဘာကြောင့် ထမပြောဝံ့ရတာလဲ။ အနန္တသူရိယအမတ်ကြီးလို ပညာရှိတွေရဲ့ သတ္တိတွေ ဘယ်ကို ရောက်ကုန်ကြပြီလဲ။ မတရားမှုဟာ ယဉ်ကျေးတဲ့ လူသားတစ်ဦးရဲ့ သဘာဝင်အခြေအနေမဟုတ်ဘူးလို့ ရေးခဲ့တဲ့ စာသားကို စံပြအနေနဲ့ ကိုယ်တိုင်လိုက်နာကျင့်သုံးပြရဲတဲ့ သတ္တိတွေ ဘယ်ကို ရောက်ကုန်ကြပြီလဲ။ စိတ်ကူးယဉ် ၀တ္ထုတွေ ရေးခဲ့တာလား။ နိုင်ငံရေးစာပေ ရေးခဲ့တာလား။  ဗမာက ဗမာကို သတ်နေတာကို ထိုင်ကြည့်ရက်တဲ့ စိတ်ဓာတ်တွေ ဖြစ်ကုန်လောက်အောင် ကျနော်တို့ရဲ့ စိတ်ဓာတ်တွေ အောက်တန်းကျနေပြီလား။ ဗမာက ဗမာကို သတ်ဖို့ ဓားသွေးပေးလောက် ကျနော်တို့ စိတ်ဓာတ်တွေ အောက်တန်းကျနေပြီလား။ ဗမာက ဗမာကို သတ်နေတာကို အမျိုသားရေးဆိုပြီး ခေါ်နေလောက်အောင် ကျနော်တို့ရဲ့ အသိဉာဏ်တွေ ပျက်စီးသွားပြီလား။

ဘာသာတရားဆိုတာ ကြိုက်တာကို ကိုးကွယ်နိုင်တာပဲ။ ဗမာ့သမိုင်းမှာ အစ္စလာမ်ဘာသာဝင်တွေက ရှရီအတ်ဥပဒေနဲ့ ဗမာပြည်ကို အုပ်ချုပ်ဖို့ ကြွေးကျော်ခဲ့ဖူးလို့လား။ ဗမာပြည်ကို အစ္စလာမ်နိုင်ငံဖြစ်အောင် လုပ်မယ်လို့ ကြွေးကြော်ခဲ့ဖူးလို့လား။ ကျနော်တို့ဟာ ဒီအချက်တွေကို သေသေချာချာ ပြန်လေ့လာကြည့်ပါ။ ဗမာပြည်မှာ အစ္စလာမ် ဘာသာရောက်ရှိခဲ့တာ နှစ်ပေါင်း ထောင်ချီနေပါပြီ။ ဒါပေမဲ့ ဗမာပြည်ကို အစ္စလာမ်နိုင်ငံအောင်ဖြစ်အောင် ကြိုးစားခဲ့တဲ့ အရိပ်အရောင်တောင် ဗမာ့သမိုင်းမှာ မရှိပါ။ အနောက်ပါကစ္စတန်နဲ့ ပေါင်းပေးပါလို့ တောင်းဆိုပေးတဲ့ကိစ္စကို ပုံကြီးချဲ့ပြီး လာပြောမနေနဲ့။ အဲဒီလို တောင်းဆိုခဲ့ကြတာ ဘယ်နှစ်ဦးလဲ။ ဗမာပြည်မှာရှိနေခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ၉၉% က တောင်းဆိုခဲ့တာလား။ တောင်းဆိုခဲ့တဲ့ လူတွေရဲ့ အရေအတွက်နဲ့ သူတို့ကို ထောက်ခံတဲ့ အရေအတွက်ကို ပြန်ပြီး ရေတွက်ကြည့်ပါ။ အဲဒီလူတွေကို တိုက်စစ်ဆင်ခဲ့တဲ့ စစ်တပ်အရာရှိကြီးတွေ မသေသေဘူး။ အသက်ရှင်လျှက်ပဲ ရှိသေးတယ်။ မယုံရင် သွားပြီး မေးကြည့်ပါ။ အနောက်ပါကစ္စတန်နဲ့ ပူးပေါင်းပေးပါလို့ ရခိုင်ပြည်တစ်ပြည်လုံးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက တောင်းဆိုခဲ့တာလား။ ပြောလိုက်မယ်။ ရခိုင်ပြည်နယ် ဒေသတစ်ပြည်လုံးမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက အနောက်ပါကစ္စတန်နဲ့တွဲနေချင်တဲ့ ပူးပေါင်းရေးသမား လက်တစ်ဆုပ်စာကို ထောက်ခံခဲ့ရင်၊ ဗမာစစ်တပ် ဘယ်တော့မှ ဖြိုခွင်းလို့ မရဘူး။ ဒီလိုပဲ ယင်းအနောက်ပါကစ္စတန်နဲ့ တွဲနေချင်တဲ့ ပူးပေါင်းရေးသမား လက်တစ်ဆုပ်စာကို မြန်မာပြည်တစ်ပြည်လုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေ အားလုံးက တစ်ညီတစ်ညွတ်တည်း ထောက်ခံခဲ့ရင် ဗမာစစ်တပ်အနေနဲ့ အနောက်ကပဲ နေထွက်လာလိမ့်မယ် ဘယ်တော့မှ သူတို့ကို ဖြိုခွင်းလို့ရမှာ မဟုတ်ဘူး။ ထပ်ပြောမယ်။ အစ္စလာမ်ဘာသာဝင် ၀န်ကြီးဦးရာရှစ်ကသာ အဲဒီအချိန်တုန်းက ပါကစ္စတန်ကို သွားပြီးတော့ အနောက်ပါကစ္စတန်နဲ့တွဲနေချင်တဲ့ ပူးပေါင်းရေးသမားတွေ လက်တစ်ဆုပ်စာရဲ့ တောင်းဆိုမှုကို လက်မခံဖို့ ပါကစ္စတန်အစိုးရကို ထိထိရောက်ရောက် အရေးဆိုပြီး၊ တွန်းအားမပေးနိုင်ခဲ့ရင်၊ မဆောင်ရွက်နိုင်ခဲ့ရင် ယင်းမေယုခရိုင်ဒေသ ဗမာပြည်ရဲ့ နယ်နမိတ်အတွင်းမှာ၊ ဗမာပြည်ရဲ့ မြေပုံထဲမှာ ဒီနေ့ထက်ထိ ရှိနေစရာ အကြောင်းမရှိဘူး။ ဒါတွေကို မသိကြတာလား။ သိလျှက်နဲ့ ရူးချင်ယောင်ဆောင်နေကြတာလား။

kutub2

အနောက်ပါကစ္စတန်နဲ့တွဲနေချင်တဲ့ ပူးပေါင်းရေးသမားတွေကို ချေမှုန်းနိုင်ခဲ့တာ အဲဒီဒေသရဲ့ နယ်မြေခံ၊ ဒေသခံ အစ္စလာမ်ဘာသာဝင်တွေက ကူညီခဲ့ကြလို့ပဲ။ ဗမာပြည် တစ်ဝှမ်းလုံးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေက သူတို့ကို လက်မခံခဲ့ကြလို့ပါပဲ။ ဒီအချက်ကို မဟုတ်ပါဘူးလို့ မည်သည့် သမိုင်းဆရာက မည်သည့် အထောက်အထားနဲ့ ငြင်းနိုင်မှာလဲ။ မည်သည့်နိုင်ငံရေးသမားက မည်သည့် အထောက်အထားနဲ့ ငြင်းနိုင်မှာလဲ။ ဘယ်လို အကြောင်းပြချက်နဲ့မှ ငြင်းလို့မရဘူး။ ကောင်းပြီ။ ဒီတော့ ဗမာပြည်မှာရှိနေခဲ့ကြတဲ့ တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ် ဘာသာဝင်တွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဘာသာရေး အဆောက်အဦးတွေကို ဖျက်စီးဖူးလား။ ဗုဒ္ဓဘာသာကို စော်ကားဖူးလား။ အာဖဂန်ဖြစ်တာကို ဗမာပြည်ကို ဘာကြောင့် သယ်လာရတာလဲ။ ကျနော်တို့ဟာ ဗမာပြည်သူလား၊ အာဖဂနစ္စတန် ပြည်သူလား။ အာဖဂန်ကို မကျေနပ်ရင် အာဖဂန်ကို သွားပြီး ချပေါ့။ ဘာဖြစ်လို့ သူတစ်ပါးနိုင်ငံက အရှုပ်တွေကို ဗမာပြည်ကို သယ်လာချင်ရတာလဲ။ အဲဒီနိုင်ငံလို ကျီးလန့်စာစား ဘ၀မျိုးတွေ ရောက်သွားမှာကို မစိုးရိမ်ကြဘူးလား။ ဒီကြားထဲမှာ အစ္စရေးကို အတုယူမလို့ဆိုတဲ့ တစ်ထွာတစ်မိုက် အသိဉာဏ်နဲ့ ပြောနေတဲ့သူတွေက ရှိသေးတယ်။ အစ္စရေးကို အတုယူရင် အစ္စရေးပြည်သူတွေလို အမြဲတမ်း ဘယ်သူက လာသတ်မလဲဆိုပြီး၊ ကြောက်ရွံ့နေကြရမဲ့ ဘ၀တွေကို ပိုင်ဆိုင်ချင်ကြလို့လား။ စဉ်းစားကြစမ်းပါ။ ဗမာ့သမိုင်းမှာ နှစ်ပေါင်းထောင်ချီပြီး နေခဲ့တဲ့ အစ္စလာမ်ဘာသာဝင်တွေ ဗုဒ္ဓဘာသာကို ဘယ်တုန်းကမှ မစော်ကားဖူးဘူး။ ဗုဒ္ဓဘာသာရဲ့ ဘုန်းတော်ကြီးတွေကို မီးလောင်ဗုံးနဲ့ မဖြိုခွင်းဖူးဘူး။ ဗုဒ္ဓဘာသာဝင်တွေနဲ့ တစ်ဦးနဲ့တစ်ဦး နားလည်မှုအပြည့်နဲ့ သူ့ဘာသာ သူကိုးကွယ်၊ ကိုယ့်ဘာသာကိုယ်ကိုးကွယ်၊ ကိုးကွယ်နေခဲ့ကြတာပဲ။ ဘာပြဿနာမှ မရှိခဲ့ဖူး။ အကယ်၍ အစ္စလာမ်ဘာသာဝင်တွေဟာ ဗမာပြည်ကို အစ္စလာမ်နိုင်ငံအောင်ဖြစ်အောင် လုပ်ချင်တဲ့ ဆန္ဒတွေခဲ့ရင် နယ်ချဲ့အင်္ဂလိပ် ဗမာပြည်ကို မ၀င်ခင်ကတည်းက လုပ်နိုင်တဲ့၊ ကြိုးစားနိုင်တဲ့ အခွင့်အရေးတွေ၊ အခြေအနေတွေ ရှိခဲ့တယ်ဆိုတာ မသိတာလား။ မေ့နေတာလား။ အိန္ဒိယကို အင်္ဂလိပ်သိမ်းပိုက်ခဲ့တာ ဟိန္ဒူမင်းဆက်ရဲ့ လက်ထဲကလား၊ အစ္စလာမ်ဘာသာဝင် မဂိုမင်းဆက်ရဲ့ လက်ထဲကလား။ သိချင်တဲ့သူရှိရင် ရွေတဂုံစေတီရဲ့ အနီးအနား၊ ဇ၀ကလမ်းမှာ ရှိတဲ့ ဇဖရ်ရှားဒါရ်ဂါတော်ကို သွားလေ့လာကြည့်လိုက်ပါ။ အဲဒီ မဂိုမင်းဆက်ဟာ နှစ်ပေါင်း မည်မျှကြာအောင် အိန္ဒိယ အင်ပါယာကို အုပ်ချုပ်ခဲ့တယ်ဆိုတာကို လေ့လာကြည့်ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၃၀၀ ကျော်ကတည်းက အိန္ဒိယကို အစ္စလာမ်သာသနာစတင်ရောက်ရှိခဲ့တယ်။ ကြီးကျယ်ခမ်းနားတဲ့ ယဉ်ကျေးမှု၊ အုပ်ချုပ်ရေးအတတ်ပညာ၊ နိုင်ငံရေးပညာစတဲ့ ပညာရပ်တွေကို အိန္ဒိယပြည်သူတွေကို ဖြန့်ချိပေးခဲ့တယ်။ အိန္ဒိယရဲ့ သမိုင်းကို လေ့လာကြည့်ပါ။ ကျနော်အခုရေးချင်တာက အိန္ဒိယသမိုင်း မဟုတ်ဘူး။ ကျနော်ပြောချင်တာက အိန္ဒိယနိုင်ငံကို အုပ်ချုပ်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ဘုရင်တွေ၊ ဧကရာဇ်တွေရဲ့ အကူအညီကို ယူပြီး ဗမာပြည်က အစ္စလာမ်ဘာသာဝင်တွေဟာ ဗမာပြည်ကြီးကို အစ္စလာမ်နိုင်ငံလာအောင် ကြိုးစားခဲ့ဖူးလား။ အကယ်၍ သူတို့ ကြိုးစားခဲ့မယ်ဆိုရင် မဖြစ်နိုင်ဘူးလို့ မည်သည့်သမိုင်းဆရာက၊ မည်သည့်နိုင်ငံရေးသမားက ငြင်းလို့ရမှာလဲ။ အစ္စလာမ်ဘာသာဝင် ဘန်ဂါပြည်နယ်ရဲ့ ဘုရင်လို ဘုရင်အသေးအမွှားတစ်ပါးကို ကပ်ဖားရပ်ဖားလုပ်ပြီး၊ အဲဒီ မွတ်စလင်မ်ဘုရင်ရဲ့ အကူအညီနဲ့ ရခိုင်ဘုရင်က ထီးနန်းကို ပြန်လည် ရယူနိုင်ခဲ့တယ်ဆိုတာ မငြင်းနိုင်တဲ့ သက်သေအထောက်အထားတွေက ရှိနေခဲ့ပြီးပြီ။ ဖျက်လို့မရတဲ့ မွတ်စလင်မ်ဘွဲ့ခံ ဘုရင်တွေရဲ့ ဘွဲတံဆိပ်တော်တွေက ရခိုင်လူမျိုးတွေရဲ့ သမိုင်းမှာ သက်သေခံနေပြီးပြီ။ ကဲ- ဒီနေရာမှာ စဉ်းစားကြည့်စမ်း။ အကယ်၍ မွတ်စလင်မ်တွေဟာ ကျူးကျော်တတ်တဲ့သူတွေဆိုရင် ရခိုင်ဘုရင်အတွက် အကူအညီပေးပြီး ထီးနန်းကို ပြန်လည်ရယူပေးမဲ့အစား ကိုယ်ကိုယ်တိုင် တိုက်ယူမှာ မဟုတ်ဘူးလား။ ဘာကြောင့် မွတ်စလင်မ် ဘုရင်က အစ္စလာမ်နိုင်ငံဖြစ်အောင် မတိုက်ယူပဲ၊ ရခိုင်လူမျိုးဘုရင်အတွက် ကူညီပေးခဲ့ရတာလဲ။ စဉ်းစား ကြည့်စမ်းပါ။

ဒီလို မငြင်းနိုင်တဲ့ သမိုင်းဆိုင်ရာ အထောက်အထားတွေကနေပြီး ဗမာ့ပြည်မှာ နေထိုင်ခဲ့ကြတဲ့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသားတွေဟာ ဗမာပြည်ကို ဘယ်ခေတ်၊ ဘယ်အခါကမျှ အစ္စလာမ်နိုင်ငံဖြစ်အောင် လုပ်မယ်ဆိုတဲ့ အတွေးမျိုး မ၀င်ခဲ့ကြဖူးဆိုတာ သက်သေခံနေတယ်။ ဒါကြောင့် ဗမာပြည်မှာ ရှိနေကြတဲ့ အစ္စလာမ်ဘာသာဝင် ပြည်သူလူထုကြီးဟာ သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေရဲ့ ဓလေ့အတိုင်း ဗမာပြည်ကို ချစ်တဲ့စိတ်၊ ဗမာပြည်ကို မြတ်နိုးတဲ့စိတ်၊ ဗမာပြည်အတွက် အသက်ပေးပြီး၊ စွန့်စားတတ်တဲ့ စိတ်ဓာတ်အတိုင်း နေထိုင်နေတယ်ဆိုတာကို လူတိုင်း သိနေကြတာပဲ။ ဒါကို စစ်ခွေးတွေနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ အစွန်းရောက်တွေက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ပြီး၊ ဟဲ့- လုပ်ကြပါအုံး။ ငါတို့တွေ ငါတို့ဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာကိုမှ မကာကွယ်ခဲ့ရင် သာသနာပျောက်ကွယ်ပြီး၊ အစ္စလာမ်နိုင်ငံ နေ့ချင်းညချင်းပဲ ဖြစ်လာတော့မယောင်၊ လုပ်ကြံဝါဒမှိုင်းတွေ တိုက်တယ်။ တစ်ဖက်မှာ ရခိုင်ပြည်က အစ္စလာမ်ဘာသာဝင် ဒုက္ခသည်တွေရဲ့ အရေးနဲ့ ဆက်စပ်ပြီး၊ အမျိုး၊ ဘာသာသာသနာအရေးတော်ပုံကြီး ဖြစ်သယောင် ပုံဖော်တော့တယ်။ ကျနော် မေးချင်တယ်။ အမျိုးဆိုတာ ဘယ်အမျိုးကို ပြောတာလဲ။ ရခိုင်လား၊ မြန်မာလား၊ ပသီလား၊ ပသျှူးလား၊ ရှမ်းလား၊ ကချင်လား။ ဘယ်အမျိုးကို ပြောတာလဲ။ နယ်ချဲ့အင်္ဂလိပ်ခေတ်က သုံးနှုန်းခဲ့တဲ့ အနက်အဓိပ္ပါယ်နဲ့ လာမပြောနဲ့။ ဒီခေတ်ဟာ သူ့ကျွန်ဘ၀ မဟုတ်ဘူး။ ကိုယ့်ကျွန်ဘ၀ခေတ်ဖြစ်တယ်။ ဘာသာသာသနာဆိုတာ ဘယ်ဘာသာလဲ။ ဗုဒ္ဓဘာသာလား။ အစ္စလာမ် ဘာသာလား။ ခရစ်ယာန်ဘာသာလား။ ဟိန္ဒူဘာသာလား။ နတ်ကိုးကွယ်တဲ့ ဘာသာလား။ ဒီဘာသာတွေအားလုံးက လက်ရှိ ဖွဲ့စည်းပုံက အသိအမှန်ပြုထားတဲ့ ဘာသာတရားတွေ မဟုတ်ဘူးလား။ အဲဒီတော့ ဗုဒ္ဓဘာသာဝင် ဗမာပြည်သူတွေက ဗုဒ္ဓဘာသာတည်မြဲဖို့ဆိုပြီး၊ အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ ဒီလိုပဲ ခရစ်ယာန်ဘာသာဝင် ဗမာပြည်သူတွေက ခရစ်ယာန်ဘာသာတည်မြဲဖို့ဆိုပြီး၊ အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ ဒီလိုပဲ အစ္စလာမ်ဘာသာဝင် ဗမာပြည်သူတွေက အစ္စလာမ်ဘာသာတည်မြဲဖို့ဆိုပြီး၊ အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ ဒီလိုပဲ ဟိန္ဒူဘာသာဝင် ဗမာပြည်သူတွေက အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ နတ်ကိုးကွယ်တဲ့ဘာသာဝင်တွေ နတ်ကိုးကွယ်တဲ့ဘာသာ တည်မြဲဖို့ဆိုပြီး၊ အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ အဲဒီလို ရှင်းပစ်လိုက်ယုံနဲ့ တစ်ခြားဘာသာတွေက ပျောက်ကွယ်သွားမှာလား။ ဘာသာဝင်တွေဖြစ်တဲ့ ဗမာပြည်သူတွေ ပျောက်ကွယ်သွားမှာလား။ ဘာသာတရားတွေ ဆုံးရှုံးရမှာလား။ ဘာသာဝင်တွေဖြစ်တဲ့ ဗမာပြည်သူတွေ ဆုံးရှုံးရမှာလား။ ဒီအချက်တွေကို လေးလေးနက်နက် စဉ်းစားပါ။ မိမိဘာသာ မပျောက်ကွယ်အောင်ဆိုပြီး၊ အခြား ဘာသာဝင်တွေကို သတ်ပြစ်ရမယ်ဆိုတာ ယုတ္တိရှိတဲ့၊ ဖြစ်နိုင်တဲ့၊ လူသားဆန်တဲ့ အတွေးအခေါ်လား။ နိုင်ငံတကာ ဥပဒေတွေကို လေ့လာဖူးလား။ ဒီခေတ်ကို ပဒေသရာဇ်ခေတ်လို အောက်မေ့နေလို့လား။ စစ်ခွေးတွေနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေရဲ့ လှည့်ကွက်ထဲကို မ၀င်သွားမိစေနဲ့။ ဒင်းတို့ရဲ့ လှည့်ကွက်တွေကို အမြဲတမ်း သတိနဲ့ရှောင်ပါ။

အဲဒီလို သတိနဲ့ မရှောင်မိလို့ တစ်ချို့ အမှန်တကယ် ရိုးသားပြီး ဘာသာတရား ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင် အချို့တောင် ဖဘတွေမှာ အစ္စလာမ်နဲ့ပတ်သက်တဲ့ မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ သတင်းအချက်အလက်တွေကို တင်နေကြတာ၊ ဖြန့်ချိနေကြတာတွေ့နေရလို့ စိတ်မကောင်းဘူး။ သူတို့တွေဟာ စစ်ခွေးတွေနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ လူယုတ်မာတွေရဲ့ လှည့်စားခြင်းခံနေကြရတဲ့ သနားစရာကောင်းတဲ့သူတွေပါ။ သူတို့ရဲ့ ဘာသာတရား ကိုင်းရှိုင်းတဲ့ စိတ်ဓာတ်ကို အခွင့်ကောင်းယူပြီး၊ စစ်ခွေးတွေနဲ့ ၎င်းတို့ရဲ့လက်ပါးစေ အစွန်းရောက်တွေက အမြတ်ထုတ် နေခဲ့ကြတာပါ။ ဒါကြောင့် အဲဒီလို ရိုးသားပြီး၊ ဘာသာတရား ကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေကို ကျနော် အကြံပေးချင်တာကတော့ အစ္စလာမ်နဲ့ဆန့်ကျင်ရေးကို ဗမာစာပေနဲ့ ရေးသားလှုံ့ဆော်နေတဲ့ ဆိုဒ်တွေ၊ ဘလောက်တွေ၊ ဖဘတွေကို တည်ထောင်ထားကြတဲ့ သူတွေကို ကြည့်လိုက်စမ်းပါ။ သူတို့ဟာ သူတို့ ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတာကိုတောင် လူရှေ့ကို ထွက်မပြရဲဘူး။ ဘာဖြစ်လို့လဲ။ အကယ်၍ ဗမာပြည်မှာ ဗုဒ္ဓဘာသာဝင်တွေက လူနည်းစုဆိုရင်တော့ ထားတော့။ အစိုးရအာဏာပိုင်၊ လက်နက်ကိုင်တပ်၊ နိုင်ငံရေးပါတီ၊ လွှတ်တော်၊ တရားရုံးစတဲ့ ဌာနဆိုင်ရာ အကြီးအကဲတွေအားလုံး နီးပါးက ဗုဒ္ဓဘာသာဝင်တွေပါ။ ဘာကြောင့်သူတို့တွေ လျှို့ဝှက်ထားရတာလဲ။ သူတို့ အမှန်ကို လုပ်ဆောင်နေတယ်ဆိုရင် အာဏာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေက သူတို့ဘာသာ သာသနာကောင်းကျိုးအတွက် အမှန်တကယ် ဆောင်ရွက်နေတဲ့ သူတို့ဘာသာဝင်ကို အကာအကွယ်ပေးမှာ မဟုတ်ဘူးလား။ ဗမာပြည်မှာ ထောက်လှမ်းရေးကလိုက်ရင် လူသတ်မှုတောင် ရက်ပိုင်းအတွင် ပေါ်ပေါက်တာ မဟုတ်ဘူးလား။ စဉ်းစားကြည့်စမ်းပါ။

5

ဒီလုပ်ရပ်တွေရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲ။ မိမိရဲ့ ဘာသာတရားကို ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်၊ ဘာသာရေး ကိုင်းရှိုင်းမှုကို အခွင့်ကောင်းယူပြီး၊ လှည့်စားနေတာကို မခံရစေနဲ့၊ မိတ်ဆွေ။ ဒါကြောင့် ရိုးသားပြီး၊ ဘာသာတရားကိုင်းရှိုင်းတဲ့ ဗုဒ္ဓဘာသာဝင်တွေကို အကြံပြုချင်တာကတော့ ကိုယ် Share လိုက်တဲ့ အစ္စလာမ်ဆန့်ကျင်ရေးဆိုဒ်ကို ဘယ်သူတည်ထောင်ထားသလဲဆိုတာ ကိုယ်သိရဲ့လား။ သူတို့ဟာ စစ်ခွေးတွေ မဟုတ်ဘူးလို့ ထင်မြင်နေတာလား။ ဒီလို ထင်မြင်နေရင်တော့ လက်ပန်းတောင်းတောင် စီမံကိန်းက မီးလောင်ဗုံးစာမိခဲ့တဲ့ သံဃာတော်တွေရဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေကို တစ်ချက်လောက် ပြန်ကြည့်ပါ။ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဓာတ်ပုံတွေ၊ ရုပ်သံမှတ်တမ်းတွေကို ပြန်ရှာပြီးကြည့်ပါ။ ၈၈ ပြည်သူ့ အရေးတော်ပုံကြီးရဲ့ မှတ်တမ်းမှတ်ရာတွေ ပြန်ရှာပြီး ကြည့်ပါ။ သူငယ်ချင်း ဘုရားနဲ့တစ်ဂိုဏ်းတည်းထားပြီး ကိုးကွယ်ဆည်းကပ်နေတဲ့ သံဃာတော်တွေကိုတောင် သူတိုရဲ့ အာဏာတည်မြဲရေးအတွက် ရက်ရက်စက်စက် နှိပ်စက်၊ သတ်ဖြတ်၊ နှိမ်နင်း၊ ဖြိုခွင်းရဲတယ်ဆိုရင်၊ အဲဒီနောက် သူတို့ မလုပ်ဘူးဆိုတဲ့ အလုပ် ဘာရှိနိုင်မှာလဲ။

8

ယခု စာရေးသူဟာ ဗမာ့တိုင်းရင်းသား မွတ်စလင်မ်တစ်ဦးဖြစ်တယ်။ ဘာသာတရား ကိုင်းရှိုင်းပြီး ရိုးသားတဲ့ ဗုဒ္ဓဘာသာမိတ်ဆွေတွေကို အခု ဖဘမှာ စစ်ခွေးတွေနဲ့ သူတို့ရဲ့လက်ပါးစေ အစွန်းရောက်တွေ ရေးနေသလို ဗမာ့တိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေဟာ ဗမာနိုင်ငံကို အစ္စလာမ်နိုင်ငံဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ အထောက်အထား၊ အချက်အလက်တွေရှိရင် လာပြီးတော့ ကျနော်နဲ့ အချိန်မရွေး ဆွေးနွေးနိုင်ပါတယ်။ ဒါကြောင့် ရိုသားပြီး၊ ဘာသာတရားကိုင်းရှိုင်းတဲ့ သူငယ်ချင်းတွေအားလုံးကို အကြံပြုချင်တာကတော့ သတင်းအချက်အလက်တွေကို မရှယ်ခင်မှာ-

(၁) ဒီသတင်းဌာန (၀ါ) ဖဘစာမျက်နှာ (၀ါ) ဘလောက် (၀ါ) ၀ဘ်ဆိုဒ်ကို ဘယ်သူထောင်ထားသလဲဆိုတာ အသင် သိရဲ့လား ကိုယ့်ကိုယ်ကို မေးပါ။

(၂) ဒီသတင်းမှာပါတဲ့ အချက်အလက်နဲ့ ဓာတ်ပုံတွေဟာ မှန်ကန်ကြောင်း တစ်ဦးတစ်ယောက်က ထောက်ပြခဲ့ရင် အသင် အထောက်အထားပြနိုင်ရဲ့လား။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ မုသားဝါဒီအဖြစ် တံဆိပ်ကပ်ခံနိုင်လို့ပါ။

(၃) အစ္စလာမ်ဘာသာနဲ့ပတ်သက်တဲ့ သတင်းမှားဖြစ်ဖြစ်၊ သတင်းအမှန်ဖြစ်ဖြစ်၊ ရရှိလာပြီဆိုရင် တတ်ကျွမ်းနားလည်တဲ့ ဗမာ့တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ့်သာသနာ့ပညာရှင်တစ်ဦးဦးနဲ့ မဆွေးနွေးသင့်ဘူးလား။

(၄) ဗမာပြည်နဲ့ လုံးဝ မသက်ဆိုင်တဲ့ အကြောင်းအရာတွေကို ပြန်လည် ဖြန့်ချိခြင်းဖြင့် ပြည်သူလူထုအကြား အမုန်းပွားတာကို အသင်လိုချင်ပါသလား။ ဥပမာ- အိမ်ထောင်ရှိသူ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ၊ အိမ်ထောင်ရေး ဖျောက်ပြန် နောက်မီးလင်းပါက၊ ဆိုလိုတာက လင်ငယ်၊ မယားငယ်နေပါလျှင် ထိုသို့ ဖျောက်ပြန်ကြောင်းကို သက်သေလေးဦးနှင့် အခိုင်အမာတင်ပြနိုင်ပါက အစ္စလာမ်ဥပဒေအရ ထိုသူ့အား ခဲပေါက်သတ်ခြင်း။ ဒီအကြောင်းအရာဟာ ဗမာပြည်သူလူထုနဲ့ မည်သို့မျှ မပတ်သက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဗမာပြည်မှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင် ဗမာ့တိုင်းရင်းသား၊ နိုင်ငံသားတွေဟာ ဗမာပြည်ရဲ့ တည်ဆဲဥပဒေတွေကို လိုက်နာရမယ်။ မလိုက်နာလိုပါက နိုင်ငံမှ စွန့်ခွာသွားရပါမယ်။ ဒါဟာ အစ္စလာမ်က သွန်သင်ထားတဲ့ သွန်သင်ချက် ဖြစ်ပါတယ်။ မည်သည့် မွတ်စလင်မ်မှ ငြင်းဆန်လို့ မရပါ။

(၅) အသင့်ရဲ့ ဘာသာသာသနာဝင် တစ်ဦးကနေ၍ မဟုတ်မမှန်တဲ့ သတင်းအချက်အလက်တွေကို တင်ပြီးတော့ လူနည်းစု ဗမာ့တိုင်းရင်းသား၊ နိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေကို တိုက်ခိုက်နေတာကို အသင် တားမြစ်ဖို့ ဥပဒေအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ကြိုးစားဖူးပါသလား။ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အသင် ချစ်မြတ်နိုးတဲ့ အသင့်ရဲ့ ဘာသာသာသနာရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေလို့ပါပဲ။

မြန်မာပြည်သူလူထုတစ်ရပ်လုံး စစ်ခွေးများနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ လူမျိုးရေး အစွန်းရောက်၊ ဘာသာရေး အစွန်းရောက်များရဲ့ မိုးလုံးပြည့် မုသားဝါဒများဖြင့် လှည်းစားခြင်းခံရသောအဖြစ်မှ ကင်းဝေးကြပြီး၊ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ချမ်းမြေ့

29-01-2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s