အပြုံးစကားများဖြင့် အမုန်းတရားအား ဖြိုခွင်းခြင်း – နောက်ဆက်တွဲ-(၁)

Cover

ဗိုင်းရပ်စ်ကိုက်နေတဲ့ အစွန်းရောက်တစ်ချို့က အင်တာနက်လောကမှာ အစ္စလာမ်နဲ့ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံဖန်တီးထားတဲ့ အချက်အလက်တွေ၊ သတင်းမှားတွေကို အသုံးပြုပြီး၊ ဘာသာမတူ၊ လူမျိုးကွဲပြားတဲ့ မြန်မာပြည်သူလူထုရဲ့အကြားမှာ အမုန်းတရားတွေပေါ်ပေါက်ပြီး၊ နားလည်မှုလွဲမှားကာ ဘာသာရေး၊ လူမျိုးရေးအဓိကရုဏ်းဖြစ်စေရန် ရည်ရွယ်ပြီး၊ လှုံ့ဆော်နေကြပါတယ်။ သူတို့အသုံးပြုတဲ့ အချက်အလက်တွေမှာ တစ်ချို့က တက်တက်စင်အောင် လွဲချော်နေပြီး၊ တစ်ချို့ကတော့ ဘာသာပြန်တွေက လွဲချော်နေတယ်။ တစ်ချို့ကတော့ Half Truth အမှန်တစ်ဝက်ကို အမှားကွပ်ပြီး၊ ဖော်ပြတတ်ကြပါတယ်။ အဲဒီလို ၀ါဒဖြန့်မှုတွေထဲက တစ်ခုကို အခု တင်ပြပါ့မယ်။

015

” ကုရ်အာန်ကျမ်းရှိနေသမျှ ဘယ်တော့မှ ကမ္ဘာငြိမ်းချမ်းမှာ မဟုတ်ဘူး ”

ဝီလီယံ ဂလက်စတုန်း ( ဗြိတိန်ဝန်ကြီးချုပ် အဖြစ် ၄ကြိမ်တိုင်တိုင် ဆောင်ရွက်ခဲ့သူ )

ဗြိတိသျှ နေမ၀င်အင်ပါယာရဲ့ ၀န်ကြီးချုပ်ဟောင်း ဂလက်စတုန်းရဲ့စကားကို သုံးပြီးတော့ အစ္စလာမ်ရဲ့ ကျမ်းတော်မြတ်ကုရ်အာန်ကို ကြီးကျယ်မြင့်မြတ်မှုကို တိုက်ခိုက်ဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ ဂလက်စတုန်းဟာ ကျမ်းတော်မြတ်ကုရ်အာန်နဲ့ပတ်သက်ပြီး၊ ဒီစကားတစ်ခွန်းတည်းကို ပြောခဲ့တာ မဟုတ်ပါဘူး။ အခြား ပြောခဲ့တဲ့ စကားလည်း ရှိပါသေးတယ်။ ဒီနေရာမှာ ဖော်ပြပေးလိုက်ပါ့မယ်။

777

“As long as this Quran exists, Europe will never be able to conquer the Islamic East.”

“(ကျမ်းမြတ်)ကုရ်အာန် တည်ရှိနေသ၍ ဥရောပအနေနဲ့ အရှေ့တိုင်းက အစ္စလာမ့်(နိုင်ငံ)တွေကို အောင်နိုင်မှုရမှာ မဟုတ်ဘူး။”

Ref: Nabeeh Zakariyyah Abd Rabbihi, Kaifa Nahyaa bi-l-Quran (Al-Dauha: Daar al-Haramain li-1-Nashir, 1983), p. 138. (http://www.islaam.net/main/display.php?id=1447)

အခု ဖော်ပြလိုက်တဲ့ ဂလက်စတုန်းရဲ့စကားအရ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်တွေကို မွတ်စလင်မ်တွေဟာ လိုက်နာကျင့်ကြံအားထုတ်နေသရွေ့၊ တနည်းအားဖြင့် ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်အတိုင်း ဘ၀တည်ဆောက်မှု ပြုနေသရွေ့၊ သူတို့ ဥရောပနယ်ချဲ့တွေဟာ ဘယ်တော့မှ မွတ်စလင်မ်တွေနေထိုင်တဲ့ အစ္စလာမ့်တိုင်းပြည်တွေကို ကျွန်ပြုလို့မရဘူးလို့ ပြောလိုက်တာပါပဲ။ ဂလက်စတုန်းဆိုတာ ဘယ်သူလဲ။ သူဟာ ဗြိတိသျှ နေမ၀င်အင်ပါယာရဲ့ ၀န်ကြီးချုပ်အဖြစ် လေးကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့တဲ့သူ ဖြစ်တယ်။ သူဟာ 29 December 1809 မှာမွေးဖွားခဲ့ပြီး၊ 19 May 1898 မှာ သေဆုံးခဲ့တယ်။ ၁၈၈၅ ခုနှစ်၊ တတိယ အင်္ဂလိပ်-မြန်မာ ကျူးကျော်စစ်ပွဲအပြီးမှာ မြန်မာတွေရဲ့ အချုပ်အခြာအာဏာဆုံးရှုံးခဲ့ရပြီး၊ နယ်ချဲ့အင်္ဂလိပ်ရဲ့ လက်အောက်ကို ၁၈၈၆ ခုနှစ်ကနေစပြီး ရောက်ရှိခဲ့တယ်။ အဲဒီကာလဟာ ဂလက်စတုန်း တတိယအကြိမ် ၀န်ကြီးချုပ်ဖြစ်တဲ့ ကာလ ဖြစ်တယ်။ နယ်ချဲ့အင်္ဂလိပ်ဟာ ဗမာ့ပြည်သူ မြောက်များစွာကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ သူတွေ ဖြစ်တယ်။ ဗမာ့တိုင်းရင်းသူ မြောက်များစွာကို မုဒိမ်းကျင့်ခဲ့တဲ့သူတွေ ဖြစ်တယ်။ ဗမာ့မြေက မြေပေါ်မြေအောက် သယံဇာတတွေကို ဂုတ်သွေးစုပ်အမြတ်ထုတ်ခဲ့သူတွေ ဖြစ်တယ်။ ဗမာပြည်မှာ သူတို့ ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုတွေက ထောင်ပေါင်းများစွာ ရှိနေတယ်။ သူတို့လက်ချက်နဲ့ ဗမာ့အာဇာနည် သူရဲကောင်းတွေရဲ့ သွေးတွေအများကြီး ကျခဲ့ရတယ်။ ဗမာတွေ ထီးနန်းပျောက်လို့ သူ့ကျွန်ဘ၀ရောက်ခဲ့ရတယ်။ ဗမာ့နောက်ဆုံးဘုရင် သီပေါမင်းကို သူမွေးဖွားတဲ့ သူ့အမိမြေမှာ ခေါင်းချခွင့်မပေးပဲ တိုင်းတပါးမှာ အတင်းအကျပ် ခေါင်းချစေခဲ့တဲ့သူဖြစ်တယ်။

888

အဲဒီလို ရက်စက်လှတဲ့ နယ်ချဲ့စနစ်၊ အရင်းရှင်စနစ်ကို အခြေပြုထားတဲ့ ဗြိတိသျှနေမ၀င် အင်ပါယာဆိုတာ သူတစ်ပါးကို ဂုဏ်သွေးစုတ်ဖို့၊ ကျွန်ပြုဖို့၊ သူတစ်ပါးတိုင်းပြည်ကို ကျူးကျော်သိမ်းပိုက်ဖို့ အမြဲတမ်း နည်းမျိုးစုံနဲ့ ကြိုးပမ်းခဲ့တဲ့ သူတွေဖြစ်တယ်။ ဒီတော့ ဂလက်စတုန်းဟာ အစ္စလာမ်တိုင်းပြည်တွေ အားလုံးကို သိမ်းပိုက်ချင်တယ်။ ကျွန်ပြုချင်တယ်။ ဒါပေမဲ့ မွတ်စလင်မ်တွေမှာ ကျမ်းတော်မြတ်ကုရ်အာန် ရှိနေတယ်။ ကျမ်းတော်မြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်တွေကို လက်တွေ့လိုက်နာကျင့်သုံးနေသရွေ့ နယ်ချဲ့အင်္ဂလိပ်ဟာ မွတ်စလင်မ်တွေကို ကျွန်ပြုလို့ မရဘူးဆိုတာ သိခဲ့တယ်။ အဲဒီအတွက် ကျမ်းမြတ်ကုရ်အာန်ဟာ သူတို့လို နယ်ချဲ့သမားတွေအတွက် မုန်းစရာကောင်းတဲ့အရာ ဖြစ်လာတယ်။ ဒါကြောင့် ဂလက်စတုန်းအနေနဲ့ နိုင်ငံရေးအရ အခုလို တိုက်ခိုက်ခဲ့ခြင်း ဖြစ်တယ်။ “So long as there is this book there will be no peace in the world.” အဓိပ္ပါယ်က ယင်းစာအုပ်တည်ရှိနေသရွေ့၊ ကမ္ဘာမြေဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။

အမှန်တကယ်ကတော့ ကမ္ဘာမြေဆိုတာထက် အရင်းရှင်တွေ၊ နယ်ချဲ့တွေရဲ့ ကမ္ဘာဟာ ဘယ်တော့မှ ငြိမ်းချမ်းမှာ မဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ ကျမ်းမြတ်ကုရ်အာန်က လူသားတွေကို အလယ်အလတ် လမ်းစဉ်ကို သင်ကြားပေးတယ်။ မှန်ကန်တဲ့ လမ်းကို ပြတယ်။ ပြတ်သားတဲ့ ရည်ရွယ်ချက်ပန်းတိုင်ကို ချမှတ်ပေးတယ်။ နယ်ချဲ့ကျူးကျော်သူကို မိမိရဲ့တိုင်းပြည်နဲ့ ပြည်သူထုအတွက် အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ စွန့်လွှတ်လှူဒါန်းပြီး၊ ပြန်လည် ခုခံတော်လှန်ပုန်ကန်တတ်တဲ့ အာဇာနည်စိတ်ဓာတ်ကို သင်ပေးတယ်။ အမိမြေကို ချစ်မြတ်နိုးပြီး၊ အမိမြေအတွက် သက်စွန့်ကြိုးပမ်းထမ်းရွက်တတ်တဲ့ သူရဲကောင်းစိတ်ဓာတ်ကို သင်ပေးတယ်။ ကျမ်းမြတ်ကုရ်အာန်ရဲ့ သွန်သင်ချက်ကြောင့် နယ်ချဲ့ ကျူးကျော်သူကို ရရာလက်နက် စွဲကိုင်ပြီး၊ တော်လှန်ပုန်ကန်ခဲ့တဲ့အတွက် နယ်ချဲ့အင်္ဂလိပ်တွေဟာ ကြောက်ဒူးတုန်ပြီး၊ အိပ်ကောင်းခြင်း မအိပ်ရ။ စားကောင်းခြင်း မစားခဲ့ရဘူး။ ဒါတွေဟာ လူသားတွေကို သူရဲကောင်း စိတ်ဓာတ်၊ အာဇာနည်စိတ်ဓာတ်ကို သွန်သင်ညွှန်ကြားလမ်းပြပေးတဲ့ ကျမ်းမြတ်ကုရ်အာန်ကြောင့်ပဲ။ ဒါကြောင့် သူတို့လို နယ်ချဲ့ကျူးကျော်သူတွေအတွက် မငြိမ်းချမ်းတဲ့ အကြောင်းတရားဖြစ်တဲ့ ကျမ်းမြတ်ကုရ်အာန်ကို အရမ်း မုန်းတီးခဲ့ကြတယ်။

999

ဒါကို နားမလည်တဲ့၊ ဉာဏ်တစ်ထွာတစ်မိုက်သာရှိတဲ့၊ လူ့ဗာလတွေဟာ ကျမ်းမြတ်ကုရ်အာန်နဲ့ အစ္စလာမ်ကို ကျူးကျော်စော်ကားဖို့အတွက် ဂလက်စတုန်းရဲ့စကားကို အသုံးပြုလာတယ်။ ကျနော် မေးချင်တယ်။ အကယ်၍ နယ်ချဲ့အင်္ဂလိပ်က မြန်မာပြည်ကို လက်နက်အားကိုးနဲ့ ကျူးကျော်လာရင် လည်စင်းခံပြီး၊ မြန်မာပြည်ကြီးကို နယ်ချဲ့လက်ထဲ ထိုးအပ်လိုက်မှာလား။ အဲဒီကျူးကျော်သူ နယ်ချဲ့အင်္ဂလိပ်ကို ဗမာ့တိုင်းရင်းသူတွေကို လက်ဆောင်အဖြစ် ပေးလိုက်မှာလား။ အဲဒီ ကျူးကျော်သူ နယ်ချဲ့အင်္ဂလိပ်ကို ဗမာပြည်ရဲ့ မြေပေါ်မြေအောက် သယံဇာတတွေ ထိုးအပ်လိုက်မှာလား။ စဉ်းစားစမ်းပါ။ ကျူးကျော်သူကို ရဲရဲဝံ့ဝံ့ ပြန်လည်ခုခံတော်လှန်ခြင်းဟာ အာဇာနည်တွေရဲ့ စိတ်ဓာတ်ဖြစ်တယ်။ ကျူးကျော်သူကို ရရာလက်နက် စွဲကိုင်ပြီး၊ တိုက်ခိုက်တော်လှန်ခြင်းဟာ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ အမူအကျင့် ဖြစ်တယ်။ သူရဲကောင်းတွေ၊ အာဇာနည်တွေရဲ့ ခြေရာကို နင်းမှာလား။ ဒါမှမဟုတ် လည်စင်းခံမှာလား။ နှစ်လမ်းပဲရှိတယ်။ သူရဲကောင်း၊ အာဇာနည်တွေရဲ့ လမ်းစဉ်ကို လိုက်မယ်ဆိုရင်တော့ တော်လှန်ရေးသမားတွေကို နယ်ချဲ့အင်္ဂလိပ်က အကြမ်းဖက်သမားတွေလို့ တံဆိပ်ကပ်မှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ သူရဲ့ အကျိုးစီးပွားကို ထိခိုက်ပျက်ဆီးစေလို့ပါပဲ။

ဒါကြောင့် မွတ်စလင်မ်တွေကို အာဇာနည်သူရဲကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ အမူအကျင့်တွေကို သင်ကြားပေးတဲ့ ကျမ်းမြတ်ကုရ်အာန်ကို နယ်ချဲ့အင်္ဂလိပ်တွေရဲ့ ၀န်ကြီးချုပ်ဟောင်း ဂလက်စတုန်းက မုန်းတီးခဲ့ခြင်း ဖြစ်တယ်။ ဗမာပြည်ရဲ့ ကိုယ့်ထီးကိုယ့်နန်း၊ ကိုယ့်ကြငှာန်းနဲ့ အုပ်ချုပ်ခဲ့တဲ့ ဗမာပြည်ကို သူ့ကျွန်ဘ၀ရောက်အောင် ပို့ဆောင်ပေးခဲ့တဲ့ အင်္ဂလိပ်ဝန်ကြီးချုပ်ဟောင်း ဂလက်စတုန်းက မုန်းတီးခဲ့ခြင်း ဖြစ်တယ်။ ကျုပ်တို့ မွတ်စလင်မ်တွေဟာ သည်းခံတတ်ပေမဲ့၊ လည်စင်းမခံတတ်ကြဘူး။ ကျုပ်တို့ရဲ့ ကျမ်းမြတ်ကုရ်အာန်ကလည်း သည်းခံဖို့ပဲ သင်ပေးထားတယ်။ လည်စင်းခံဖို့ မသင်ပေးထားဘူး။ အဲဒီလို သည်းခံဖို့၊ ဒါပေမဲ့ လည်စင်းမခံဖို့၊ အမိမြေနဲ့ ပြည်သူလူထုကို အသက်၊ အိုးအိမ်၊ စည်းစိမ်တွေ စွန့်လှူပြီး၊ ရရာလက်နက်စွဲကိုင်ကာ တော်လှန်တိုက်ခိုက်ဖို့အတွက် သွန်သင်ထားတဲ့ ကျမ်းမြတ်ကုရ်အာန်ကို နယ်ချဲ့အင်္ဂလိပ်က မုန်းချင်သလောက် မုန်းစမ်းပါစေ။ နယ်ချဲ့အင်္ဂလိပ် အလိုတော်ရိလက်ပါးစေ အကြမ်းဖက်သမားတွေက မုန်းချင်သလောက် မုန်းစမ်းပါစေ။ နယ်ချဲ့အင်္ဂလိပ်တွေကို ငြိမ်းချမ်းစွာ ဂုတ်သွေးစုတ်ခွင့် မပေးလို့၊ မြေပေါ်မြေအောက် သယံဇာတတွေကို ထုတ်ယူသယ်ဆောင်ခွင့် မပေးလို့ မုန်းချင်သလောက် မုန်းစမ်းပါစေ။ ဂရုစိုက် နေစရာမလိုပါ။ သူရဲကောင်း၊ အာဇာနည်တွေရဲ့ စိတ်ဓာတ်နဲ့ လမ်းစဉ်ကို ကျုပ်တို့က ဘယ်တော့မှ စွန့်လွှတ်မှာ မဟုတ်ဘူး။ ဖိနှိပ်လာရင် တွန်းလှန်မှာပဲ။ နယ်ချဲ့လာရင်၊ ကျူးကျော်လာရင် တော်လှန်မှာပဲ။ ဒါဟာ ကျုပ်တို့ရဲ့ သံမဏိစိတ်ဓာတ်ပဲ။

နိဂုံးချုပ်အားဖြင့် အစ္စလာမ်ဆန့်ကျင်ရေးလုပ်ပြီး၊ မြန်မာပြည်သူလူထုရဲ့ကြားမှာ ဘာသာရေး၊ လူမျိုးရေး အဓိကရုဏ်းဖြစ်အောင် လှုံ့ဆော်နေတဲ့ လူယုတ်မာတွေကို တစ်ခုပဲ မေးမယ်။ နယ်ချဲ့အင်္ဂလိပ်က ကျုပ်တို့ရဲ့ အမိမြန်မာပြည်ကို ကျူးကျော်သိမ်းပိုက်လာရင် ခင်ဗျားတို့ ဘာလုပ်ကြမလဲ။ လည်စင်းခံမှာလား။ ကျူးကျော်သူကို ရရာလက်နက် စွဲကိုင်ပြီး၊ တွန်းလှန်မှာလား။ သူရဲကောင်းဆန်ဆန်၊ အာဇာနည်ပီပီ အမိမြေကို ကာကွယ်ရင်း ကျဆုံးမှာလား။ နယ်ချဲ့အလိုတော်ရိလုပ်ပြီး၊ ပြည်သူကို ကျွန်ပြုမှာလား။ ဒီမေးခွန်းတွေကို အရင်ဖြေပါ။ မိမိဖြန့်ချိနေတဲ့ သတင်းစကားရဲ့ နောက်ခံသမိုင်းနဲ့ အရင်းအမြစ်ကို သေသေချာချာ နားမလည်ပဲ မဖြန့်ချိပါနဲ့။ ပြည်သူကို အမုန်းတရား ရေပူမတိုက်ကျွေးပါနဲ့။ ပြည်သူ လူထုကို မလှည့်စားပါနဲ့။ ပြည်သူလူထုတစ်ရပ်လုံး မဟုတ်မမှန် လိမ်လည်လုပ်ကြံဝါဒဖြန့်နေကြတဲ့ စစ်ခွေးများနဲ့ ၎င်းတို့ရဲ့ အလိုတော်ရိ လက်ပါးစေများရဲ့ မိုးလုံးပြည့် မုသားဝါဒအမျိုးမျိုးမှ ကင်းဝေးကြပြီး၊ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းကြပါစေ။ အာမီးန်။

ချမ်းမြေ့

02-02-2013

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s